Home သတင်း ဖားအံတွင် စက်သုံးဆီရရေး အချိန်ပေးတန်းစီရသော်လည်း ဆိုင်ကယ်တစ်စီးလျှင် ၅,၀၀၀ ကျပ်ဖိုးသာ ဝယ်ယူ၍ရ

ဖားအံတွင် စက်သုံးဆီရရေး အချိန်ပေးတန်းစီရသော်လည်း ဆိုင်ကယ်တစ်စီးလျှင် ၅,၀၀၀ ကျပ်ဖိုးသာ ဝယ်ယူ၍ရ

507
Photo: CJ

မတ် (၂၂)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

စက်သုံးဆီအကြပ်အတည်းကြောင့် ကရင်ပြည်နယ် ဖားအံမြို့ရှိ စက်သုံးဆီ ရောင်းသည့် ဆိုင်ကြီးများတွင် အချိန်ကြာမြင့်စွာပေး၍တန်းဆီစောင့်ဆိုင်းနေရပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်(၅၀၀၀) ကျပ်ဖိုးသာ‌ဝယ်ယူ၍ရကြောင်း မြို့ခံများက ပြောသည်။

တစ်လီတာဝန်းကျင်သာရသည့် ငွေကျပ်(၅,၀၀၀)တန်ဖိုးရှိ စက်သုံးဆီရရှိရန် ဆီဆိုင်ရှေ့တွင် နာရီနှင့်ချီပြီး အချိန်ကြာမြင့်စွာ တန်းစီနေရခြင်းဖြစ်သည်။ ထို့ကြောင့် အများအားဖြင့် ရွာဘက်မှမြို့တက်၍ ဆီလာဝယ်ရသည့် ဆိုင်ကယ်သမားများ အဆင်မပြေဖြစ်ရသည်ဟု ဆိုသည်။

“ဆီရဖို့ ဆိုင်ကယ်နဲ့အချိန် ၁နာရီကျော် ၂နာရီ သွားတန်းစီရတာ။ ပြန်ရတာက ငါးထောင်ကျပ်ဖိုးပဲ။ ရွာကနေ လာတန်းစီရတော့ဝေးတယ်။ အသွားအပြန်နဲ့က ဆီကုန်တာနဲ့ အဆင်မပြေဘူး။ ငါးထောင်ဖိုးသာပြောတာ ပေးတာက လေးထောင်ငါးရာဖိုးပဲ၊ ပိုက်ဆံကျတော့ ငါးထောင်အပြည့်ယူတယ်။”ဟု ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ဆီဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းချသည့် စျေးနှုန်းမတူသည့်အတွက် အချို့ဆိုင်များတွင် ငါးထောင်ကျပ်ဖိုးကို ဓာတ်ဆီတစ်လီတာကျော်ပြီး အချို့တွင် တစ်လီတာအတိသာရရှိကြောင်းလည်း မြို့ခံများထံမှ သိရသည်။

ဆီရရှိရန် ဆိုင်ရှေ့ နေပူထဲတွင် မော်တော်ယာဥ်အားလုံး တပြေးညီ တန်းစီနေရခြင်းဖြစ်သောကြောင့် ဆိုင်ကယ်များအတွက် ရောင်းချရန်သတ်မှတ်ထားသည့်ပမာဏအား ၂ ဆတိုးပေးသင့်ကြောင်း စက်သုံးဆီ တန်းစီဝယ်ယူနေရသည့်ဆိုင်ကယ်သမားများက မျှော်လင့်နေကြသည်။

ဖားအံမြို့ပြင်ရှိ ဆီဆိုင်ကြီးများကိုစုံစမ်းချက်အရ ဆိုင်ကယ်တစ်စီး (၅,၀၀၀)ကျပ်၊ ဘုံးဘီးဆိုင်ကယ်တစ်စီးလျှင် (၃၀,၀၀၀)ကျပ်၊ ကားတစ်စီးအတွက် (၅၀,၀၀၀)ကျပ်အထိ အချိန်ပိုင်းဖြင့်ရောင်းချပေးနေခြင်း ရှိသည်။

Photo: CJ

စစ်အုပ်စုလက်အောက်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများအတွက်မူ တစ်ရက်လျင် ရုံးဆင်းချိန်တွင် အချိန်(၂)နာရီ ပေး၍ ဆီသီးသန့်ဖြည့်ပေးနေသည်ဟု မြို့ခံများက ဆိုသည်။

ထို့အပြင် မြို့ဧရိယာတွင်ရှိသည့် ဆီဆိုင်များတွင် လိုင်စင်ရှိ မော်တော်ယာဉ်များသာ ဆီဖြည့်ပေးနေသဖြင့် လိုင်စင်မရှိသည့် မော်တော်ယာဉ်များမှာ မြို့ပြင် ဆီဆိုင်များတွင် လိုက်လံဖြည့်နေရသည်။ ယင်းကြောင့် မြို့ပြင်ပဆီဈေးကွက်တွင် ပြတ်လပ်မှုဖြစ်လာပြီး မှောင်ခိုစျေးဖြစ်ထွန်းနေသည်။

ဆီဆိုင်ဖွင့်ထားသူတစ်ဦးက “ကျမတို့ က ပုံမှန် Denko တို့မှာ သွားဝယ်ပြီးရောင်းတယ်။ အခုမရတော့ ဆိုင်ပိတ်ရတယ်။ အောက်စျေးနဲ့ လိုက်ဝယ်ရတယ်။ ရတဲ့အချိန်ပြန်ဖွင့်ပြီးရောင်းတယ်။ စျေးကြီးလည်း ဝယ်ပြီးရောင်းရတာပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ကျေးရွာများဘက်တွင် စက်သုံးဆီ ပြင်ပပေါက်ဈေးသည် လက်ရှိတွင် တစ်လီတာ (၁၂,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ်အထိ တိုးမြင့်နေသည်။

ထို့အတူ ပြည်နယ်စစ်အုပ်စုက စုံ၊မ ရက်ခွဲကာ မော်တော်ယာဥ်များ အပြင်ထွက်ခွင့် ကန့်သတ်ထားသဖြင့် မြို့ထဲသို့ စျေးလာဝယ်ရသည့် ပြည်သူများအတွက် အခက်တွေ့စေပြီး သွားလာရေးအခက်အခဲများကြောင့် ကုန်စျေးနှုန်းလည်း တက်လာကြောင်း ဒေသခံများကပြောသည်။