Home သတင်း ထောင်မှပြန်လွတ်လာသည့် နိုင်ငံရေးအကျဥ်းသူများ ကိုယ်ရေးအချက်အလက် လုံခြုံရေး သတိထားကြရန် WOPP တိုက်တွန်း

ထောင်မှပြန်လွတ်လာသည့် နိုင်ငံရေးအကျဥ်းသူများ ကိုယ်ရေးအချက်အလက် လုံခြုံရေး သတိထားကြရန် WOPP တိုက်တွန်း

555
Photo: AP News

မတ် (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးတက်ကြွလှုပ်ရှား၍ စစ်အုပ်စု၏ဖမ်းဆီးထောင်ချခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသူများ ပြည်တွင်း၊ပြည်ပ ခရီးသွားလာရာတွင် ကိုယ်ရေးအချက်အလက်လုံခြုံရေးကို သတိထားကြရန် နိုင်ငံရေးအကျဥ်းသူများအဖွဲ့-WOPP က ယနေ့(မတ်လ ၂၆ရက်)တွင် ထုတ်ပြန်တိုက်တွန်းသည်။

အကျဥ်းထောင်မှလွတ်မြောက်လာသည့်နိုင်ငံရေးအကျဥ်းသူများကို စစ်အုပ်စုက မှတ်ပုံတင်ထုတ်မပေးခြင်း၊ ပြန်လည်လျှောက်ထားရာတွင် အခက်အခဲတွေ့စေခြင်းအပြင် ပြည်ပထွက်ခွာခွင့်ကိုကန့်သတ်၍ စွဲဆိုခံထားရသောပုဒ်မများကို မပယ်ဖျက်ခြင်းတို့ကြောင့် သတိထားရန်လိုသည်ဟု WOPP က ဆိုသည်။

“ဖမ်းတုန်းက မှတ်ပုံတင်ကိုရဲစခန်းကသိမ်းသွားပြီး ပြန်လွတ်လာလို့ သွားယူတော့မရှိဘူးဆိုပြီး ပြောတာ၊ လဝကမှာသွားပြန်လုပ်တော့လည်း အချိန်တွေဆွဲပြီး အလွယ်လုပ်လို့မရတာ၊ ဒီလိုပြဿနာက တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ။ လွှတ်တော့လွှတ်ပြီး ပုဒ်မတွေမဖျက်ပေးဘူးဆိုတာလည်း အချိန်မရွှေး ပြန်ဖမ်းခံရနိုင်တဲ့အခြေအနေပေါ့” ဟု WOPP ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် အကျဥ်းထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဥ်းသူအချို့မှာ ဒီဂျစ်တယ်လူပုဂ္ဂိုလ်စိစစ်ရေးစနစ်-PSMS ဖြင့် စောင့်ကြည့်စစ်ဆေးခံနေရပြီး ဖော်ပြပါအခြေအနေများကြောင့် လူမှုဘဝ အသက်မွေးဝမ်းကျောင်းနှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ခက်ခဲစေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း နိုင်ကျဉ်းများ၊ အာဏာဖီဆန်ရေးလှုပ်ရှားသူ-CDM များအပါအဝင် ၎င်းတို့လက်အောက်တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ ပြည်ပထွက်ခွာခွင့်အတွက် စစ်အုပ်စုက ယခင်လိုလွယ်လင့်တကူ လုပ်ဆောင်ခွင့်မပြုတော့ပေ။

ထို့အတူ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့်ဘဝလုံခြုံမှုသည်လည်း ဆိုးရွားလာနေကြောင်း အကျဥ်းထောင်အရေးစောင့်ကြည့်လှုပ်ရှားနေသည့်အဖွဲ့များက ထောက်ပြပြောဆိုခြင်းရှိနေသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ စာရင်းအရ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀,၆၉၂) ဦးရှိသည်။ ၎င်းအနက် (၁၄,၄၀၂) ဦးမှာ ထိန်းသိမ်းခံနေရဖြစ်ပြီး အတည်ပြုရန်လိုအပ်ချက်ရှိသူ (၇,၈၉၃) ဦး ရှိသည်။