မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေသည့် ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့သည် တော်လှန်ရေးအင်အားစုများကို နှောင့်ယှက်တိုက်ခိုက်နေပြီး စစ်အုပ်စု၏ စစ်ရေးဗျူဟာကို အကောင်အထည်ဖော်ပေးနေသည့် မိတ်ဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ (မတ်လ ၁၅ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဗိုလ်အယ်ခွီးနှင့် အဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့တော်လှန်ရေးကို ဆန့်ကျင်နှောင့်ယှက်လျက်ရှိပြီး၊ စစ်အာဏာရှင်ကို ဆန့်ကျင်သည်ဟု ကြွေးကြော်ကာ ရိုးသားသော ဒေသခံကရင်ပြည်သူများနှင့် PDF များအား လိမ်လည်စည်းရုံးသိမ်းသွင်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဗိုလ်အယ်ခွီးနဲ့ အဖွဲ့ဟာ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အထိ တပ်မဟာ (၄) ရဲ့ နောက်တန်းစခန်းတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပို့ဆောင်တဲ့ ယာဉ်တွေကို မကြာခဏဆိုသလို ခြုံခိုတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်” ဟု KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းအပြင် ဗိုလ်အယ်ခွီးအဖွဲ့သည် တပ်မဟာ (၄) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ အပြစ်မဲ့ပြည် သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးအမြောက်အမြား ဆက်ကြေးကောက်ခံခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်းလည်း KNU က ဆိုသည်။
KTLA မှ ကော်သူးလေနိုင်ငံတော်အဖြစ် ကြေညာပြီး ၎င်းတို့ကိုယ့်ကိုယ်ကို အစိုးရဟု ခေါ်ဆိုနေသော်လည်း လက်တွေ့တွင် စစ်အုပ်စုအား တိုက်ခိုက်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုများကိုသာ အဓိကပစ်မှတ်ထား နှောင့်ယှက်နေခြင်းမှာ အာဏာသိမ်းစစ်တပ်၏ အလိုကျ အလုပ်အကျွေးပြုနေခြင်းဖြစ်ကြောင်း KNU ဝေဖန်ထောက်ပြသည်။
မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နှင့် အခြားသော တော်လှန်ရေးအဖွဲ့များ၏ ဘုံရန်သူဖြစ်သော အာဏာသိမ်းစစ်တပ်ကို ပြင်းထန်စွာ တိုက်ခိုက်နေရသောကြောင့် ငရံ့နီချောင်းဖျား၌ အခြေစိုက် သည့် ဗိုလ်အယ်ခွီးနှင့် အဖွဲ့အား အာရုံစိုက်မှု အားနည်းသည့်အပေါ် အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့များကို အစီအစဉ်တကျ တိုက်ခိုက်နေသည့်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း KNU က ပြောသည်။
ယင်းထုတ်ပြန်ချက်အပေါ် KTLA ဘက်မှ သဘောထားမှတ်ချက်ရရှိရန် ကေအိုင်စီက ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပါ။



















