မတ် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီမှ စတင်ပြီး ပိုင်ကျုံ-ထီလုံ-လှိုင်းဘွဲ လမ်းပိုင်းပေါ် ဂိတ်ချတပ်စွဲထားသည့် စစ်အုပ်စု စစ်ဆေးရေးဂိတ်များတွင် ဝက်မွေးမြူရေးအတွက် အသုံးပြုသည့် ဝက်စာများကို သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံဝက်မွေးမြူရေးလုပ်ကိုင်သူများ အခက်ကြုံနေရသည်ဟု သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် မိမိတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း လုပ်ကိုင်ကြသည့် ဝက်မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုရသည့် ဝက်စာများကို စစ်အုပ်စုက သယ်ဆောင်ခွင့်မပေးသဖြင့် ဆိုင်ပေါ်တင်ရောင်းချသူနည်းပါးလာပြီး ဝက်စာရှားပါးမှု ကြုံနေရသည်ဟု ပိုင်ကျုံမြို့နေ ဝက်မွေးမြူသည့် နန်းခင်မာက ယခုလိုပြောသည်။
“မွေးထားတဲ့ဝက်က မျိုးဝက်မကြီးရယ် အသားတိုးဝက်ရယ်ဆိုရင် (၁၅) ကောင်ရှိတယ်။ အစာဖိုးတင် တစ်လတစ်လကို အစာရောစပ်ပြီး ကျွေးတာ ၄ သိန်းကျော်လောက်ကျတယ်။ အစက ဆိုင်တွေမှာ တင်ရောင်းတာများတယ်။ အခုက တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်စုဝယ်ရတာ တစ်ခါတစ်လေ ရတောင်မရဘူး။“ ဟု ၎င်းက ပြောသည်။
အဆိုပါလမ်းပိုင်းပေါ်ရှိ စစ်အုပ်စုဂိတ်စခန်းများက ဝက်စာအပြင် ဆန်နှင့်ဆက်စပ်သည့် ပစ္စည်း အချို့ကိုပါ သယ်ဆောင်ခွင့်တင်းကြပ်ထားပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ဂိတ်ကြေးလည်း တောင်းခံလေ့ရှိကြောင်း ဒေသတွင်း ခရီးသွားလာသူများပြောပြချက်အရ သိရသည်။
နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း “ပစ္စည်းသယ်ရင်အကုန်စစ်တယ်။ ဆန်တို့ ဆန်ကွဲတို့ဆို သယ်လို့ လုံးဝမရဘူး။ ဝက်စာအိတ်လည်းသယ်ခွင့်မပေးဘူး။ ကျနော် ဝက်မွေးထားလို့ပါ တစ်အိတ်လောက်ပါ နှစ်အိတ်လောက်ပါလို့ ကြိုပြောထားမှရတာ“ ဟု ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်း ရွေးကောက်ပွဲကျင်းပမပြီးစီးမီကတည်းက ပိုင်ကျုံ-လှိုင်းဘွဲလမ်းပေါ်ရှိ ကျေးရွာအချို့တွင် စစ်အုပ်စုတပ်ဖွဲ့များ ဝင်ရောက်နေရာယူပြီး စစ်ဆေးရေးဂိတ်များတွင်လည်း ယခင်ထက် အင်အားတိုးချဲ့ခြင်း၊ အစစ်အဆေးတင်းကြပ်ခြင်းတို့ ရှိခဲ့သည်။
ဝက်မွေးမြူရေးလုပ်ငန်းသည် အချိန်ပေး လူအားစိုက်ထုတ်ရပြီး အမြတ်အများအပြားမရသော်လည်း ဒေသတွင်း ဈေးကွက်အခိုင်အမာရှိသည်။ ထို့ကြောင့် အပိုဝင်ငွေရလိုသဖြင့် မွေးမြူရေး ဝက်မွေးလုပ်ငန်းကို လုပ်ကိုင်ကြသူအများအပြားရှိနေကြောင်း ကရင်ဒေသသတင်းအရင်းအမြစ်တို့က ဆိုသည်။
အလားတူ ဝက်မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်နေသည့် ကော့ကရိတ်တောင်ပိုင်းတွင်လည်း စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဝက်စာဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေပြီး မွေးမြူရေးကုန်ကျစရိတ်ကြီးမားသည့် အခက်အခဲရှိနေသည်ဟု ဒေသခံများက ပြောသည်။



















