Home တွေ့ဆုံမေးမြန်းခန်း KTLA တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် KNLA ရဲဘော်ကိုစောနှင့် ဆက်သွယ်မေးမြန်းချက်

KTLA တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် KNLA ရဲဘော်ကိုစောနှင့် ဆက်သွယ်မေးမြန်းချက်

635

“ကိုယ့်ကရင်အချင်းချင်း ဖြစ်နေရင်တော့ ဘာမှအကျိုးထူး လာမှာ မဟုတ်ဘူး”

KTLA တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် KNLA ရဲဘော်ကိုစောနှင့် ဆက်သွယ်မေးမြန်းချက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ)၊ အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ပြင်းထန် နေချိန် မတ်လ ၁၀ ရက်နေ့တွင် နောက်တန်း၌ ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံခဲ့ရစဉ် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၂) သယ်ယူပို့ဆောင်ရေးတာဝန်ခံ ရဲဘော်ကိုစော၏ ကြုံတွေ့ရသည့် အခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အဲဒီနေ့ ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို ပြန်ပြောပြပေးပါလား။
ဖြေ ။ ။ ၁၀ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်မှာ ဖြစ်တာပါ။ ရသခြောက်ရွာနဲ့ မျှင်ငပိရွာကြားမှာ ဖြစ်တာ။ အရှေ့ဘက်မှာ တိုက်ပွဲပြင်းထန်တဲ့အခါကျတော့ တပ်ဖွဲ့ဝင်တွေကို သွားပို့တာပါ။ ဒီလမ်းက အရင်ကလည်း အေးအေးဆေးဆေးပါပဲ။ KTLA တပ်ဖွဲ့ဝင်မရှိတာ ကြာပြီဆိုတော့ ပုံမှန်အတိုင်းပဲ သွားတယ်။ အရင်တစ်ရက်နှစ်ရက်က သတင်းကြားရတယ်။ KTLA တပ်တွေ ပြန်ရောက်တယ်ဆိုတာ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မပစ်လောက်ဘူးထင်ပြီး ပုံမှန်ပဲ သွားခဲ့တာပါ။

ပထမတစ်ချက် ပစ်တာက သစ်ကိုင်းကျတယ်လို့ပဲ ထင်တာ။ ဒုတိယအချက်ကျမှ ကျနော့်ဒူးခေါင်းမှာ မှန်သွားတယ်။ ကျနော်က ဒရိုင်ဘာနေရာမှာ နေတာဆိုတော့။ ပထမပစ်တဲ့ တစ်ချက်က ကျနော့် ဘေးခုံမှာ ထိုင်တဲ့ ရဲဘော်ရဲ့ ခြေထောက်ကို မှန်သွားတာ။ သူက ချက်ချင်းတော့ မပြောဘူး။

ဒုတိယအချက် ကျနော့်ကို မှန်တော့ စက်ကို ခေါ်ခိုင်းပြီး ကျနော် ချက်ချင်း အရှိန်မြှင့် မောင်းသွားလိုက်တာ။ အဲဒီအချိန်မှာ ကျနော့်ရဲဘော်တွေကို ကျနော် ဘာအမိန့်မှ မပေးနိုင်ဘူး။ ကျနော် ကြည့်လိုက်တော့ ကျနော့်အနောက်က ရဲဘော်တစ်ယောက် ပက်လက်လှန်သွားတာ တွေ့တော့ ကားကို အရှိန်တင်ပြီး မောင်းသွားတယ်။ ကျနော်တို့အဖွဲ့ဆီ ရောက်သွားတဲ့အထိပါပဲ။ ကျနော်တို့က ဘာတစ်ခုမှ ပြန်မပစ်လိုက်ဘူး။ အဲဒီနေ့က ၇ ဦး ပါတယ်။ ထိခိုက်တာက ၅ ဦး၊ ကျဆုံးတာတော့ မရှိဘူး။ ဒဏ်ရာပြင်းထန်တာကတော့ တစ်ယောက် အဆုတ်ထိသွားတယ်။ ကျနော်ကတော့ ဒူးခေါင်း ထိသွားပါတယ်။

ကျနော်တို့က ယုံကြည်မှုနဲ့ ကိုယ်သွားလာနေတဲ့ လမ်းက ဘာရန်သူမှ မရှိဘူးလို့ ထင်တာ။ စစ်ကောင်စီ စခန်းလည်း ဘာတစ်ခုမှ မရှိဘူး။ သူတို့ပြောပြောနေတဲ့ ကျောက်ထုရွာမှာရှိတဲ့ စစ်ကောင်စီစခန်းက ၂၀၂၄ ခုနှစ်၊ ၁၂ လပိုင်းတုန်းက ကျနော်တို့ တပ်ရင်း ၁၂ ဘက်က သိမ်းလိုက်တာ။ ဟိန္ဓားကနေ တစ်ကြောလုံးမှာ စစ်ကောင်စီစခန်း ဘာတစ်ခုမှ မရှိတော့ဘူး။ ကျနော်တို့မှာ ပုံမှန်ပဲ လွတ်လွတ် လပ်လပ် သွားလာနေတာ။ မထင်မှတ်တဲ့အချိန်မှာ သူတို့က ဝင်ပြီး ပစ်တာ။ အရှေ့မှာပဲ ဝင်းဝစခန်းသိမ်းတိုက်ပွဲက ပြင်းထန်နေတာလေ။ သူတို့ လုပ်ပုံလုပ်နည်းကတော့ ရန်သူက တမင်သက်သက် စီစဉ်ခိုင်းလို့ သူတို့ လာလုပ်တယ်လို့ပဲ ကျနော် ထင်ပါတယ်။

မေး။ ။ ပစ်ခတ်မှုမတိုင်ခင်မှာ KTLA နဲ့ KNLA ကြား နှစ်ဖက်ပဋိပက္ခဖြစ်တာတွေကော ရှိသေးလား။
ဖြေ ။ ။ ဘာကြောင့် လုပ်လဲဆိုတာတော့ ကျနော်တို့က လူငယ်ပိုင်းဆိုတော့ သိပ်အများကြီး မသိဘူး။ ဒါပေမဲ့ သူတို့လုပ်ပုံက ဝင်းဝစခန်းမှာ စကစက လေကြောင်း၊ ကုန်းကြောင်း ပစ်တော့ ပြန်ခုခံနေရတဲ့အချိန်၊ ရှေ့တိုးတာ မပေါက်တဲ့အခါကျတော့ ကျနော်တို့ နောက်တန်းဘက်ကို ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် ဝင်လုံးတာဆိုတော့ ရန်သူစစ်ကောင်စီနဲ့ သူတို့နဲ့က အချိတ်အဆက် ကောင်းကောင်း ရှိတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒီနယ်မြေထဲမှာ KTLA မရှိတာ တစ်နှစ်နီးပါးလောက် ရှိပြီ။

အဲဒီအချိန်တုန်းက ဘာပြဿနာမှ မရှိဘူး။ အရင်တုန်းကတော့ ခဏခဏ ပြဿနာရှိတယ်။ အရင်တုန်းက KNLA တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၁၀ တို့က စကစနဲ့ ပူးပေါင်းပါတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လိုက်နှောင့်ယှက်တယ်။ သွားတာ လာတာတွေကို လိုက်နှောင့်ယှက်တယ်။ ဒီတစ်နှစ်ကျော်အတွင်း သူတို့ကို ကျနော်တို့ဘက်က သွားတိုက်တာလည်း မရှိဘူး။ ကျနော်တို့ အလုပ်နဲ့တောင် ကျနော်တို့ မအားဘူး။ ဝင်းဝစခန်း ကျခါနီးမှ ဒီလိုဖြစ်လာတာ။ ဝင်းဝစခန်းမကျခင် တိုက်ပွဲအရမ်းပြင်းထန်ချိန် ရုတ်တရက် ပေါ်လာပြီး နောက်တန်းမှာ တိုက်ခိုက်ခံရတာ၊ ရှေ့တန်းနဲ့ နောက်တန်း ချိတ်ဆက်တဲ့ လမ်းတွေမှာ သူတို့ဝင်ပြီး နှောင့်ယှက်တာကတော့ ကလေးအတွေးနဲ့ တွေးကြည့်ရင်တောင် သိနိုင်ပါတယ်။

မေး။ ။ အဲဒီလမ်းပိုင်းမှာ KNLA ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ဒီတပ်ရင်း ၁၂ နယ်မြေက မဟာမိတ်တပ်ဖွဲ့အားလုံး ဒီလမ်းကို အသုံးပြုတယ်။ အရင်တုန်းက ငါးရံ့နီ-ရင်ကွဲတောင်လမ်း၊ အာရှလမ်းဟောင်းပေါ့။ အဲဒီမှာ သူတို့က ကားတွေကို မီးရှို့လိုက်၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို သူတို့ ချောင်းပစ်လိုက်နဲ့ ဟိုဘက်လမ်းက KTLA တပ်ဖွဲ့တွေရှိလို့ အန္တရာယ်ရှိတော့ ဒီဘက်လမ်းကို ပြန်ပြင်ပြီး ပြန်ဖွင့်ပေးထားတာပါ။ ကျနော်တို့ သိရသလောက်တော့ ၂၀၂၀ တုန်းက ကျောက်ထုစခန်း ရှိတော့ စကစ သွားလာဖူးတာ ရှိတယ်။ ၂၀၂၃ ရောက်တဲ့ အချိန်ကစပြီး စကစစခန်းကို သိမ်းလိုက်တော့ ရန်သူဘက်က သွားလာတာ မရှိတော့ဘူး။

ကျနော်တို့ သိရသလောက်တော့ ကျနော်တို့ဘက်က ခေါင်းဆောင်တွေက တော်လှန်ရေးမှာ စစ်ကောင်စီ ကို အတူတူ တိုက်မယ်ဆိုပြီး စည်းရုံးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ မရခဲ့ဘူး။ သူတို့ဘက်က ကျနော်တို့ကို သူတို့ရန်သူလို့ပဲ သဘောထားတာကတော့ ကျနော် နည်းနည်း အံ့ဩမိတယ်။

ပြောရမယ်ဆိုရင် ကေအဲန်ယူဘက် ထောက်ခံတဲ့လူတွေကို သူတို့ဘက်က သတ်တာတွေ ရှိတယ်။ သူတို့ကို ခေါ်သတ်ပြီးတော့ ဒလန်ပါဆိုပြီး ပြောပြီး လုပ်လိုက်တာတွေပေါ့။ ဒီမှာ လူထုတော်တော် လေးများများ ကြုံခဲ့ရတယ်။ ကျနော်ပြောတာထက် လူထုပြောတာကို နားထောင်စေချင်တယ်။ တကယ်လို့ ကျနော်ပြောရင် ကျနော်တို့က နိုင်ချင်လို့ ပြောတယ်လို့ ထင်မယ်။ ဒီကောင်တွေ စကားနဲ့ နိုင်တယ်ဆိုပြီး ပြန်ပြင်ပြောလို့ ရတယ်။ တကယ်လို့ မြေပြင်က ပြည်သူလူထုတွေကို လာပြီး မေးကြည့် လိုက်ပါ။ KTLA နယ်စပ်ဘက် ထွက်သွားပြီးတဲ့နောက်မှ ပြည်သူလူထုတွေက လွတ်လပ်ရေး ရသွားသလို ဖြစ်လာတာ။ အခုတစ်ခါ ပြန်ရောက်လာတယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။

မေး။ ။ နယ်မြေထဲမှာ မဟာမိတ်တပ်ဖွဲ့တွေလည်း ရှိတယ်ဆိုတော့ သွားလာတဲ့အခါမှာ အကြောင်းကြားတာတွေ၊ စည်းကမ်းချက် ထုတ်တာတွေ ရှိလား။
ဖြေ ။ ။ စည်းကမ်းချက် သပ်သပ်ရယ်လို့တော့ ထုတ်ထားတာ မရှိဘူး။ စည်းကမ်း တင်းတင်း ကျပ်ကျပ်ရယ်လို့တော့ မရှိပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မှာ ယုံကြည်မှု အပြည့်ရှိတော့ သိပ်ပြီး ထွေထွေထူးထူး မရှိဘူး။ ဒီဘက်မှာက ဆက်သွယ်ရေးတွေ ခက်ခဲတဲ့အခါကျတော့ ဂိတ်တွေရောက်မှ ပုံမှန် ပြောပြ လိုက်ရတာမျိုးလောက်ပါပဲ။

မေး။ ။ အခု ပစ်ခတ်မှုဖြစ်စဉ်ကို အခြေခံပြီးတော့ မြေပြင်မှာ နောက်ဆက်တွဲ ဘယ်လိုတွေ ဖြစ်လာနိုင်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ နောက်ဆက်တွဲ ဖြစ်လာနိုင်သေးလား ဆိုတာကတော့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ပဲ ဆိုင်တယ်ဗျ။ သူတို့က ရေရှည်စီမံကိန်းနဲ့ ကျနော်တို့ကို လာပြီး နှောင့်ယှက်တာလား၊ စစ်ကောင်စီစခန်း မကျသေးခင် အချိန်မှာပဲ လာပြီး နှောင့်ယှက်တာလား။ သူတို့ရည်ရွယ်ချက်နဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကြောင်းတွေက သူတို့ကိစ္စနဲ့ပဲ ဆိုင်ပါတယ်။ တကယ်တမ်း စစ်ကောင်စီစခန်းက အခု ကျသွားပြီဆိုတော့ သူတို့က နည်းနည်း ငြိမ်းသွားတယ်ဗျ။ ဒီဘက်မှာ ငြိမ်းသွားပြီးတော့ တပ်ရင်း ၁၂ နယ်မြေမဟုတ်တဲ့ တပ်မဟာနယ်မြေဘက်က နေရာတစ်ခုကို သူတို့ ဝင်ပစ်သွားသေးတယ်။ သူတို့ ဝင်လာသမျှ နယ်မြေအကုန်လုံးမှာ ရန်သူ့စခန်း တစ်လုံးမှ မရှိဘူး။ ကျနော်တို့ သွားလာနေတဲ့ နေရာအကုန်လုံးမှာလည်း ရန်သူ့စခန်း မရှိဘူး။

ဝင်းဝစခန်းတိုက်တဲ့အချိန်မှာ ကြည်း၊ ရေ၊ လေနဲ့ ကျနော်တို့ကို ပြန်ခုခံတိုက်နေတဲ့အချိန်၊ စကစက ကျနော်တို့ကို ခုခံမနိုင်တဲ့အချိန်မှာ အနောက်ကနေပြီး အဖွဲ့တစ်ဖွဲ့ကို နှောင့်ယှက်ခိုင်းတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်မိတယ်။ ကျန်တဲ့အချိန်မှာ သူတို့ နှောင့်ယှက်ပြီး လာလို့ ရပေမဲ့လည်း ရန်သူနဲ့ အသည်းအသန် ဖြစ်နေတဲ့အချိန်မှာမှ ရုတ်တရက် ပေါ်လာပြီးတော့ ဒီလိုဖြစ်သွားတာ၊ ရန်သူကျသွားတဲ့အချိန်မှာ ပြန်ပြီး ခွာသွားတယ်ဆိုတဲ့ လုပ်ရပ်က သိသာပါတယ်။ နယ်မြေပြန်ရဖို့ ပြန်တိုက်တယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။

မေး။ ။ ဒီလို တိုက်ခိုက်ခံရတဲ့အပေါ် မြေပြင်မှာရှိတဲ့ ရဲဘော်တစ်ဦးအနေနဲ့ နောက်ဆုံး ဘာဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်က လူငယ်ဆိုတော့ တစ်ခါတလေ စကားကိုတော့ ထိန်းထိန်းသိမ်းသိမ်း မပြော တတ်ဘူးပေါ့။ လူကြီးတွေ စီစဉ်မယ့် အစီအစဉ်နဲ့ ကျနော်တို့ ပြောတာတွေနဲ့ လွဲမှားရင်လည်း လူကြီးတွေ မျက်နှာပျက်ရတာပေါ့။ စိတ်ထဲမှာ ရှိတာ ပြောရရင်တော့ ဒီအဖွဲ့က ဘယ်သူ့အတွက်မှ အကျိုးမပြုဘဲနဲ့ ဒီလိုမျိုးပဲ လိုက်နှောင့်ယှက်နေတော့မှာလားပေါ့။ စစ်အာဏာရှင်ကို တကယ်လို့ တော်လှန်မယ်ဆိုရင်တော့ စစ်အာဏာရှင်ရှိတဲ့ နေရာမှာ ဝင်ရောက်ပြီးတော့ ဒီမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်စေချင်တယ်ပေါ့။ ကိုယ့်ကရင်အချင်းချင်း ဖြစ်နေရင်တော့ ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူးလေ။

သူတို့အဖွဲ့မှာ ဝင်နေတဲ့ ရဲဘော်တွေကို သတိပေးချင်တာကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် လက်နက်ကိုင်ရခြင်းဆိုတဲ့ ရည်မှန်းချက်ကို ဝင်လာပြီဆိုရင်တော့ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ့်ရည်မှန်းချက်နဲ့တူလား၊ မတူဘူးလား ဆိုတာကို ပြန်သုံးသပ်ကြပါလို့။ ပြန်သုံးသပ်ပြီးလို့ ရည်မှန်းချက်နဲ့ အလုပ်နဲ့ မတူဘူးဆိုရင်တော့ ကျနော်တို့ ဒီမှာ အနီးစပ်ဆုံးဖြစ်တဲ့ မိခင် KNU/KNLA ထဲကို ဝင်ရောက်ပြီး ကူးပြောင်းတာတို့၊ နောက်တစ်ခြား ဒီအဖွဲ့ကို စွန့်ခွာသွားတာတို့က ပိုပြီးတော့ ကောင်းမယ်လို့ ထင်တယ်။

နောင်ကျရင်လည်း သူတို့ရည်မှန်းချက်နဲ့ ကျနော်တို့ ဒီ KNLA ကို လိုက်နှောင့်ယှက်နေလို့ တစ်စုံတစ်ခု ဖြစ်လာရင် ရဲဘော်တွေ ထိခိုက်နစ်နာသွားမှာ စိတ်မကောင်းဘူးလေ။ မဖြစ်ခင် သေချာလေ့လာပြီးတော့မှ နိုင်ငံအတွက်လား၊ ကိုယ့်အဖွဲ့အစည်းအတွက်လား၊ ကိုယ့်ခေါင်း ဆောင်တစ်ယောက်အတွက်လား၊ ဘယ်သူ့အတွက်လဲ ဆိုတာ ပြန်ပြီးတော့ စဉ်းစားသင့်တယ်ပေါ့နော်။ ငါတို့ လုပ်နေတာ ဘာအတွက် လုပ်တာလဲဆိုတဲ့ ခေါင်းစဉ်ကို ပြန်ပြီး စဉ်းစားစေချင်ပါတယ်။