မတ် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မူတြော် (ဖာပွန်) နှင့် ညောင်လေး ပင်ခရိုင်တို့တွင် တစ်ရက်တည်း၌ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးနှင့် အမျိုးသမီးများဖြစ်ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၁) ရက်၊ နေ့လည် ၁၂ နာရီတွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မလေးလယ်ကျေးရွာအုပ်စုနှင့် ဝေါမူးကျေးရွာအုပ်စုတို့တွင် ဒွယ်လိုးမြို့နယ်၊ ဝေါမူးကျေးရွာသို့ စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံး (၆) လုံး လာရောက်ကြဲချသည့်အတွက် အရပ်သားတစ်ဦး ထိခိုက်ခဲ့သည်။ ထို့အပြင် မွန်းလွဲ (၂) နာရီအချိန်ခန့်တွင် မလေးလယ်ကျေးရွာထဲသို့ ဗုံး (၄) ကြိမ် ထပ်မံကြဲချသဖြင့် အမျိုးသမီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ဖွာဟဲထကျေးရွာထဲသို့ နောက်တစ်ကြိမ် ထပ်မံဗုံးကြဲသည့်အတွက် အရပ် သား (၂) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ (၅) တာဝန်ရှိသူထံမှ သိရသည်။
ထိုနေ့ တစ်ရက်တည်းတွင် ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ အောမလား (အင်းဗလား) ကျေးရွာသို့ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၆ နှစ်အရွယ်ကလေး နှစ်ဦးနှင့် အရပ်သား (၄) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအထဲတွင် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

မူတြော်ခရိုင် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က “စစ်အုပ်စုက မတရားအာဏာသိမ်းပြီး တရားဝင်ဖြစ်လာအောင် ရွေးကောက်ပွဲကျင်းပကာ အစိုးရအသစ် ပေးတက်ဖို့အတွက် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကို လိုက်ရှင်းဖို့ လုပ်နေတယ်။ ဒါပေမဲ့ သူတို့က ပြည်သူတွေကိုလည်း လိုက်ရှင်းနေတာ။ အဲဒါကြောင့် ကျေးရွာတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတယ်။ နယ်မြေထဲမှာရှိတဲ့ လူထုအားလုံးကို သူတို့ရှင်းဖို့ ရည်ရွယ်နေတာဖြစ်တယ်” ဟု ပြောသည်။
မတ်လ (၅) ရက်နေ့မှစတင်၍ ညောင်လေးပင်ခရိုင်တွင် စစ်အုပ်စုက စစ်ကြောင်းထိုး စစ်ဆင်လာကာ ဒရုန်း၊ လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု များလည်း ပိုမိုကျူးလွန်လာသည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းတွင် ကေအဲန်ယူ မူတြော်နှင့် ညောင်လေးပင်ခရိုင် ၂ ခုအပြင် မြိတ်-ထားဝယ်ခရိုင်၊ ဒူးပလာယာခရိုင်တို့တွင်လည်း စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စပ် လုပ်ဆောင်လာသည်ဟု သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူထံမှ သိရသည်။



















