မတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းအတွင်း ယနေ့ မတ်လ (၁၄) ရက်နေ့ နေ့လယ်ပိုင်းက အသေခံကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲသဖြင့် စစ်ဘေးရှောင်အမျိုးသား (၁) ဦး ပွဲချင်းပြီးသေဆုံး၍ (၁) ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်က လွှတ်တင်လိုက်သော ကာမီကာဇေဒရုန်း လေးစင်း သည် ပလောတပို့စစ်ရှောင်စခန်းအတွင်း ကျရောက်ခဲ့ရာတွင် စစ်ဘေးရှောင်ဆေးခန်းနေရာသို့ နှစ်စင်းကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
စခန်းတာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်ရဲ့ဆေးရုံတစ်ဝိုက်ကို လာထိတာ။ လူငယ်ယောက်ျားလေးတစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ နောက်တစ်ယောက်ကတော့ ဒဏ်ရာပိုပြင်းလို့ ထိုင်းဘက်ခြမ်းကဆေးရုံကိုလွှဲလိုက်တယ်” ဟု စစ်ရှောင်တာဝန်ခံအမျိုးသမီးက ပြောသည်။
ဒရုန်းအပြင် စစ်ဘေးရှောင်စခန်းအနီးတစ်ဝိုက်သို့ လက်နက်ကြီးများကျရောက်သဖြင့် အသက်အန္တရာယ်လုံခြုံရေးကြောင့် စစ်ရှောင်များကို အရေးပေါ်ရွှေ့ပြောင်းနေရာချထားကြောင်းလည်း သိရသည်။
ယမန်နေ့ (မတ်လ ၁၃ ရက်) ကလည်း မြဝတီတောင်ပိုင်းရှိ စစ်ဘေးရှောင်ထောင်နှင့်ချီ ခိုလှုံနေသည့် ပလောတပို့စစ်ရှောင်စခန်းနေရာနှင့် အနီးကပ်ရှိ DKBA အဖွဲ့၏ အွန်လိုင်းငွေလိမ် (ကျားဖြန့်)၊ ကာစီနိုရုံဝင်းအတွင်း လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သေးသည်။

ယင်းကြောင့် ထိုခြံဝင်းအတွင်းရှိ နိုင်ငံခြားသားများအပါအဝင် မြန်မာနိုင်ငံသားအချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်တို့က ဆိုထားသည်။
ယမန်နေ့က စစ်ရှောင်စခန်းအနီးကပ် လက်နက်ကြီးကျရောက်ခြင်းကြောင့် စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်၍ သောင်ရင်းမြစ်ဘေး ရှောင်ရှားသူအချို့ရှိခဲ့သည်။
မြဝတီတောင်ပိုင်းတွင် စစ်အုပ်စုထိုးစစ်ဆင်ရန်ကြိုးပမ်းမှုကြောင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲလနှင့်ချီ ဖြစ်ပွားနေသည်။
တိုက်ပွဲအတွင်း စစ်အုပ်စုက နေ့စဉ်ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကအထိ လေကြောင်းဗုံးကြဲမှုလည်း အပြင်းအထန်လုပ်ဆောင်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။



















