Home သတင်း ဖလူးဒေသ၊ တရုတ်ကာစီနိုခြံဝင်းအတွင်း လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးသူ(၁၀)ဦးထက်မနည်းရှိ

ဖလူးဒေသ၊ တရုတ်ကာစီနိုခြံဝင်းအတွင်း လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးသူ(၁၀)ဦးထက်မနည်းရှိ

645
Photo: CJ

မတ် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူးဒေသရှိ တရုတ်ကာစီနိုရုံခြံဝင်းအတွင်း ယနေ့မနက်(၉)နာရီဝန်းကျင်က စစ်အုပ်စုပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူ(၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပုလောတပို့စစ်ရှောင်စခန်းနှင့်အနီးဆုံးရှိ ဖလူး၊ ကျွန်းတော တရုတ်ကာစီရုံခြံဝင်းအတွင်း လက်နက်ကြီးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကျရောက်ပေါက်ကွဲခဲ့ရာ နိုင်ငံခြားသားများအပါအဝင် ကျည်စထိမှန်သေဆုံးသူနှင့် ဒဏ်ရာရသူ(၁၀)ဦးထက်မနည်း ရှိကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

“တောင်ကုန်းပေါ်ကနေလှမ်းပစ်တာ။ ကျတဲ့နေရာက ပုလောတပို့စခန်းကနေ ဆိုင်ကယ်မောင်းမယ်ဆို သုံးလေးမိနစ်ပဲကြာတယ် တော်တော်လေးနီးတယ်။ ထိတဲ့သူတွေကို ကားသုံးလေးစီးနဲ့သယ်သွားတယ်။ အဖြူတွေရော အမဲတွေရော နိုင်ငံခြားသားတွေပါတယ် ထိတာ။” ဟု ဖလူးဒေသသို့ရောက်နေသော မျက်မြင်တွေ့ရှိသူက ပြောသည်။

လက်နက်ကြီးအနီးကပ်ကျရောက်မှုကြောင့် စစ်ဘေးရှောင်ထောင်နှင့်ချီရှိသည့် ပုလောတပို့စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ကြရပြီး သောင်ရင်းမြစ်ဘက်သို့ ထွက်ပြေးရှောင်တိမ်းမှုလည်း ရှိခဲ့သည်ဟု သိရသည်။

ပုလောတပို့စခန်းရောက် စစ်ရှောင်ကူညီနေသူအမျိုးသမီးက “လူကြီးတွေဆို ကြောက်ကြလန့်ကြ။ ကလေးတွေကို ချောင်းနားသွားပို့တဲ့သူနဲ့ အလုပ်လုပ်နေတဲ့မိသားစုတွေကို လိုက်ခေါ်တဲ့လူနဲ့ ရုတ်ရုတ်သဲသဲပဲ စခန်းထဲမှာ ဒီနေ့မနက်က” ဟု ကေအိုင်စီကို ပြောသည်။

Photo: CJ

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် ခြံဝင်းအတွင်း ကာစီနိုအပြင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများလည်း ရှိနေပြီး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ထိန်းချုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ မြဝတီတောင်ပိုင်းဒေသတွင် စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ထိန်းချုပ်လှုပ်ရှားသည့်နယ်မြေများကို လနှင့်ချီ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ်လ(၈)ရက်နေ့မှ ယနေ့ထက်ထိ ဖလူး၊ မင်းလက်ပံကျေးရွာဘက်သို့ လေကြောင်းဗုံးကြဲမှု နေ့စဥ်လုပ်ဆောင်လျက်ရှိသည်။

လေကြောင်းအပြင် လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှုလည်း မပြတ်သောကြောင့် စစ်ဘေးရှောင်များ နေရပ်စွန့်ခွာခိုလှုံနေရသည့်စစ်ရှောင်စခန်းအနီး ကာစီနိုနှင့်ကျားဖြန့်လုပ်ငန်းနေရာ အထိုင်ချထားခြင်းကြောင့် စစ်ရှောင်ပြည်သူများအသက်ဘေးလုံခြုံရေး စိုးရိမ်အနေအထားဖြစ်လာသည်ဟု ပုလောတပို့စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အဆိုပါဖလူး ကာစီနိုခြံဝင်းနေရာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုရှိခဲ့သေးသည်။