Home သတင်း မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၇)လုံး ပျက်စီး

မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၇)လုံး ပျက်စီး

541
Photo: CJ

မတ်လ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(မတ်လ ၂၈ ရက်နေ့)မနက်ပိုင်းတွင် မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၇) လုံး ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မယ်လဒုက္ခသည်စခန်း၊ ဇုန် C-1BB နေရာတွင် ယနေ့ မနက် (၁၀) နာရီဝန်းကျင်အချိန်က လူနေအိမ်တစ်လုံးမှစတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ် (၇) လုံးထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ၎င်းအနက် နေအိမ်(၅)လုံး မီးလောင်ပြာကျသွားသည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူကပြောသည်။

“မီးစလောင်တဲ့အိမ်မှာက သားအမိနှစ်ယောက်ပဲရှိတာ။ ကလေးက သင်တန်းသွားတက်နေတယ်။ အမေဖြစ်သူက ဟင်းချက်ပြီးတော့ မီးကို သေချာမငြိမ်းခဲ့ဘဲ ဆေးရုံမှာတက်နေတဲ့ သူ့ယောက်ျားဆီ သွားတုန်း အိမ်မှာ မီးစလောင်တာပဲ။ အိမ် ၅ လုံးကတော့ လုံးဝပြာကျသွားတယ်။ နောက်ထပ် ၂ လုံးကတော့ မီးဟပ်တာပေါ့။ စုစုပေါင်း ၇ လုံးပါ” ဟု အဆိုပါတာဝန်ရှိသူက အတည်ပြုပြောသည်။

မီးလောင်မှုဖြစ်ပွားပြီးနောက် စခန်းတွင်းရှိ မီးသတ်အဖွဲ့ဝင်များနှင့်နေထိုင်သူများပူးပေါင်း၍ မီးဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသလို ထိုင်းအာဏာပိုင်များဘက်ကလည်း မီးသတ်ကားများ စေလွှတ်ကာ လာရောက်ငြှိမ်းသတ်ပေးခဲ့သဖြင့် မွန်းတည့်ချိန်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။

မီးကူးစက်လောင်ကျွမ်းသည့်နေအိမ်များမှ ထိခိုက်ဒဏ်ရာရသူမရှိ‌သလို ဆုံးရှုံးနစ်နာမှုရှိသည့်အိမ်နံပါတ်များနှင့် စာရင်းအသေးစိတ်ကိုလည်း ဆက်လက်စုံစမ်းနေသည်ဟု စခန်းတာဝန်ရှိသူကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့က မယ်လစခန်းတွင် အမှိုက်ပုံမှမီးစွဲလောင်ပြီး ဒုက္ခသည်နေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သေးသည်။ ထို့အတူ ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင်လည်း လူနေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် နွေရာသီရောက်တိုင်း မီးဘေးအန္တရာယ် သတိထားကြရန် တာဝန်ရှိသူများပူးပေါင်းပြီး လိုက်လံအသိပေးနှိုးဆော်မှုနှင့် အသိပညာပေးလုပ်ငန်းအစီအစဥ်များ ပုံမှန်ဆောင်ရွက်လေ့ရှိသည်ဟု စခန်တွင်း သဘာဝဘေးအန္တရာယ်သတိပေးလှုပ်ရှားမှု ကူညီဆောင်ရွက်နေသူတို့က ဆိုသည်။