မတ် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တွင် စရဖရုံး တပ်ဆွယ်တပ်ဖွဲ့ဝင်အဖြစ် လူသိများသောဗိုလ်ထိန်လင်း ဆိုသူသည် စက်သုံးဆီမှောင်ခိုတင် မော်တော်ယာဥ်ကိစ္စဖြင့် ကရင်လက်နက်ကိုင်အဖွဲ့ဝင်တချို့နှင့် ပြီးခဲ့သည့် မတ်လ (၁၁)ရက်နေ့က အချေအတင်ဖြစ်ပွားရာမှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
မြဝတီ၊ သင်္ဃန်းညီနောင်လမ်းပိုင်းတွင် လိုင်းကြေးတောင်းယူခြင်း၊ ထိုင်းကုန်စည်နှင့် မှောင်ခိုဆီသယ် ဆောင်လာသော မော်တော်ယာဥ်များ၊ မှောင်ခိုဆီဆိုင်များကို သတင်းပေးဖမ်းဆီးခိုင်းခြင်းကြောင့် အသက်(၅၀)ဝန်းကျင်အရွယ် ဗိုလ်ထိန်(ခ)ထိန်လင်းနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အချင်းများခဲ့သည်ဟု မြဝတီမြို့ခံတချို့က ဆိုသည်။
“မြစန္ဒီရပ်ကွက်အနောက်က ခိုးလမ်းဘက်မှာပစ်ကြတာ။ မှောင်ခိုဆီကား၊ ထိုင်းကုန်ကားလမ်းကြောင်းတွေကို လိုင်းကြေးယူပြီးလုပ်နေကြတာကို စစ်တပ်ကဖမ်းတော့ သူတို့ချင်း အဝေအစားမတည့်ကြတာကနေ ပြဿနာတက်ပြီး ပစ်ရှင်းခံလိုက်ရတာပဲ။” ဟု စက်သုံးဆီဝယ်/ရောင်းလုပ်ကိုင်သူ မြဝတီမြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို မြဝတီဆေးရုံမှ သင်္ဃန်းညီနောင်ရှိ သူ၏နေအိမ်သို့ သယ်ဆောင်သွားပြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်အဖွဲ့နှင့်အမှုကျူးလွန်သူကို စစ်အုပ်စုကစုံစမ်းရှာဖွေနေသည်ဟု ဆိုသည်။
လက်နက်ကိုင်အဖွဲ့သတင်းအရင်းအမြစ်အရ ထိုနောက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ခြံဝင်းနေရာအနီး လာရောက်ရှာဖွေခဲ့သလို သေနတ်ပစ်ဖောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ထိန်လင်းနာရေးနှင့်ပတ်သက်၍လည်း သိုသိုသိပ်သိပ်လုပ်ဆောင်နေကြသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
“သူက ညီနောင်မှာရောက်နေတာကြာပြီ၊ ပေါ် ပေါ်တင်တင် သိပ်မနေဘူး။ အာဏာသိမ်းပြီးတော့ ကရင်အဖွဲ့နဲ့ ဝေစားမျှစား လုပ်နေတာ၊ သူ့နာရေးဖိတ်စာမှာတောင် ရာထူးတာဝန်၊ သေတဲ့ရောဂါမထည့်ဘူး။ မိသားစုတွေကိုပဲထည့်ရေးထားတယ်” ဟု သင်္ဃန်းညီနောင်နေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တရားမဝင်ကုန်သွယ်လမ်း လိုင်းကြေးကောက်သည့်ကိစ္စဆက်စပ်သူများကို စစ်အုပ်စုကခေါ်ယူစစ်ဆေးမည်စိုးသဖြင့် မြဝတီမြို့ရှိ ဌာနဆိုင်ရာအပါအဝင် ကြိုတင်ရှောင်တိမ်းသူများ ရှိလာသည်ဟု ဆိုသည်။
ထို့အတူ မတ်လ(၁၁)ရက်နေ့ကမှစ၍ ယနေ့ထက်ထိ စစ်အုပ်စုတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ နယ်ထိန်းအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်-BGF များပူးပေါင်းပြီး သင်္ဃန်းနောင် ရပ်ကွက်အတွင်း ပစ်ခတ်မှုကျူးလွန်သူကိုဖမ်းမိရေး ကင်းလှည့်စစ်ဆေးနေကြောင်းလည်း ရပ်ကွက်နေလူထုထံမှ သိရသည်။



















