မတ်လ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်ရှိ တောင်ယာကမ်းကျေးရွာတွင် အခြေစိုက်ထားသော စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
အဆိုပါ စခန်းကို မတ်လ ၁၁ ရက်နေ့တွင် KNLA တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း (၇)၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၆ ဦး သေဆုံးကာ အယောက် ၃၀ ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီထံမှ MA-1 ရိုင်ဖယ် ၄ လက်၊ MA-3 ၁ လက်နှင့် အခြားလက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တောင်ယာကမ်းကျေးရွာရှိ အဆိုပါ စခန်းသည် ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်အုပ်စုအတွက် စစ်ဗျူဟာအရ အချက်အချာကျသော နေရာတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင်လည်း နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲလာခဲ့သည့် ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ) အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။



















