Home သတင်း ထိုင်းနိုင်ငံအတွင်း ကုန်ဈေးနှုန်း ရက်ပေါင်း ၆၀ အထိ တည်ငြိမ်မည်ဟု ဆို

ထိုင်းနိုင်ငံအတွင်း ကုန်ဈေးနှုန်း ရက်ပေါင်း ၆၀ အထိ တည်ငြိမ်မည်ဟု ဆို

429
Photo: Bangkok Post

မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း ထိုင်းနိုင်ငံအတွင်း လက်ရှိကုန်ပစ္စည်းလက်ကျန်များအရ လာမည့် ရက်ပေါင်း ၆၀ ခန့်အထိ ကုန်ဈေးနှုန်းများကို တည်ငြိမ်အောင်ထိန်းထားနိုင်ဦးမည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ကုန်ဈေးနှုန်းမြင့်တက်လာမည့် စိုးရိမ်မှုများ ရှိသော်လည်း လက်ရှိ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်း လက်ကျန် (Stock) များသည် နောက်ထပ် ရက်ပေါင်း ၆၀ (၂ လ) ခန့်အထိ ရောင်းချရန် လုံ လောက်မှု ရှိနေသေးကြောင်း အကြီးစား လက်လီလက်ကားလုပ်ငန်းရှင်များ၏ ပြောဆိုမှုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြထားသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသရှိ အကြီးစား လက်လီလက်ကား လုပ်ငန်းတစ်ခုဖြစ်သည့် Tang Ngee Soon Superstore ၏ ဥက္ကဋ္ဌ Milin Veraratanaroj က လာမည့် နှစ်လအတွင်း ကုန်ဈေးနှုန်း သိသိသာသာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေဦးမည်ဟု ခန့်မှန်းရကြောင်း ပြောသည်။

သို့သော် ကုန်ဈေးနှုန်း တည်ငြိမ်မှု အခြေအနေကို ဆိုလိုရာတွင် သယ်ယူပို့ဆောင်ရေးစရိတ်ကို ထည့်သွင်းတွက်ချက်ထားခြင်းမျိုး မပါဝင်သောကြောင့် ရေနံဈေးနှုန်းမြင့်တက်လာပါက သယ်ယူပို့ဆောင်ခများ တိုးလာနိုင်သဖြင့် ကုန်ပစ္စည်းဈေးနှုန်းအပေါ် သက်ရောက်မှု အနည်းငယ်ရှိလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် လာမည့် ရက်ပေါင်း ၆၀ ကျော်အလွန် နောက်ပိုင်းကာလများအထိ အရှေ့ အလယ်ပိုင်းဒေသ၏ စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် အခြေအနေများမှာ မသေချာမရေရာမှုများ ရှိလာနိုင်ကြောင်း Milin Veraratanaroj က ဆက်လက် သတိပေးထားသည်။

အထူးသဖြင့် အစိုးရအနေဖြင့် တက်လာသော ကုန်ထုတ်လုပ်မှုစရိတ်များနှင့် ကိုက်ညီမှုမရှိသည့် တင်းကျပ်သော ဈေးနှုန်းထိန်းချုပ်မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် အခက်အခဲရှိနိုင် ကြောင်း Tang Ngee Soon Superstore ၏ ဥက္ကဋ္ဌက ထောက်ပြထားသည်။

သို့သော် ကုန်ထုတ်လုပ်မှု အရှုံးပေါ်မည့်ဒဏ်ကို ကာကွယ်ရန် ကုန်ထုတ်လုပ်မှုစွမ်းအားကို လျှော့ချနိုင်သည်ဟု အကြံပြုထားသော်လည်း ကုန်ထုတ်လုပ်မှုစွမ်းအားကို လျှော့ချမည်ဆိုပါက ဈေးကွက်အတွင်း ကုန်ပစ္စည်းစီးဆင်းမှု နည်းပါးသွားမည်ဖြစ်ပြီး ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက သတိပေးထားသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းများသည် ကုန်ပစ္စည်းထောက်ပံ့မှုကွင်းဆက် (Supply Chain) တစ်ခု လုံး၏ ကုန်ကျစရိတ်တွင် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး အကယ်၍ စွမ်းအင် ဈေးနှုန်းများ အဆမတန် မြင့်တက်လာပါက ကုန်ကြမ်းစရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာမည်ဟု Milin Veraratanaroj က ဆိုသည်။

စက်သုံးဆီဈေးနှုန်းများသည် ကုန်ကြမ်းရှာဖွေစုဆောင်းခြင်းကစပြီး ထုတ်လုပ်မှုလုပ် ငန်းစဉ်အဆင့်ဆင့်အထိ ထောက်ပံ့မှုကွင်းဆက် (Supply Chain) တစ်ခုလုံးကို သက်ရောက်မှုရှိနေသောကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးအခြေအနေများ ပိုမိုဆိုးရွားလာပြီး စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ပါက ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေကာ ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှု လျော့နည်းသွားစေမည်ဖြစ်သည်။

ထို့အပြင် စက်သုံးဆီရရှိမှုအပေါ် အခြေခံပြီး ထုတ်လုပ်သူများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုများကို လျှော့ချလာနိုင်ပြီး ရလဒ်အနေဖြင့် ယာယီအလုပ်အကိုင် လျှော့ချမှုများကိုပါ ဖြစ်ပေါ်လာစေနိုင်ကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက သတိပေးပြောဆိုထားသည်။