Home သတင်း ‌စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ထုတ်ပြန်

‌စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ထုတ်ပြန်

463

မတ် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဥ်းထောင်အတွင်း ထောင်အာဏာပိုင်များက လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့- Women’s Organization Of Political Prisoners က ယနေ့(မတ်လ ၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ပေါ့ပေါ့ပါးပါး အလုပ်များရရှိရန်၊ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံရန်၊ တိုက်ပိတ်ခံရသည့်အခြေအနေမှ အကျဥ်းဆောင်သို့ပြန်ပြောင်းရန်၊ လွတ်ရက်လျှော့ရရန် စသည်တို့၌ အကျဥ်းသူများထံမှ ငွေလက်ခံရယူပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ငွေကြေးယူပြီး လွတ်ရက်လျှော့ပေးတဲ့ကိစ္စက နိုင်ငံရေးအကျဥ်းသူတွေရောပါမပါ မသေချာပေမယ့် ကျမတို့ဆီမှာရလာတဲ့စာရင်းအရဆို အခြားအမှုနဲ့ထောင်ကျတဲ့သူတွေကိုပဲ သူတို့(ထောင်ဝန်ထမ်းတွေ)က ငွေကြေးရယူပြီး လုပ်ပေးတာပါ“ ဟု WOOP ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထောင်အာဏာပိုင်များက အကျဥ်းထောင်အတွင်း အသုံးပြုနေသည့် စက်ပစ္စည်းဝယ်ယူပြုပြင်ရေးကုန်ကျစရိတ်များအတွက်ပါ အကျဥ်းသူများထံမှ ငွေကြေးကောက်ခံခြင်း ရှိနေသည်။ ထို့အပြင် အခြေခံသန့်ရှင်းမှုမလုံလောက်သောကြောင့်ဖြစ်လာသည့် ကျန်းမာရေးပြဿနာများ၊ အခြားနာမကျန်းကိစ္စများတွင် ဆေးကုသမှုပေးရန်တောင်းဆိုခြင်းကိုလည်း ရိုင်းပြစွာတုံ့ပြန်ပြောခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထောင်၌ မလောက်မငှကျွေးသည့် စားနပ်ရိက္ခာကြောင့် အကျဥ်းသူများအတွက် အာဟာရမလုံလောက်မှုအပြင် မသန့်ရှင်းသော သောက်သုံးရေကြောင့် ကျောက်ကပ်ရောဂါများဖြစ်ပွားခြင်း၊ သောက်သုံးရေအလှူကိုလက်မခံဘဲ ထောင်ဝန်ထမ်းများက ဈေးကြီးပေးရောင်းချခြင်း တို့လည်း လုပ်ဆောင်နေသည်ဟု WOOP က ဆိုသည်။

ထို့ကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူအခွင့်အရေး ချိုးဖောက်ခံနေရသည့်ကိစ္စများကို စောင့်ကြည့်လေ့လာပြီး တာဝန်ရှိသူများကိုအရေးယူနိုင်ရန်နှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုထားသည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း၊ နိုင်ငံရေးနှင့်ဆက်စပ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အုပ်စု၏ဖမ်းဆီးခြင်းခံရသူ လူဦးရေ စုစုပေါင်း(၃၀,၆၆၇)ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီး (၆,၃၃၇)ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ စာရင်းက ဖော်ပြသည်။

ထို့အတူ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ အကျဥ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဥ်းသား၊အကျဥ်းသူများအပေါ် ခွဲခြားဆက်ဆံမှု ပိုမိုများပြားလာပြီး အခွင့်အရေးအပြည့်အဝမရခြင်းကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နေသည်ဟုလည်း နိုင်ကျဉ်းများအရေးဆောင်ရွက်နေသည့်အဖွဲ့များက ထောက်ပြပြောဆိုကြသည်။