မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်းရှိ ကျေးရွာများထဲသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ၂ ရက်အတွင်း ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ညောင်လေးပင်ခရိုင် ကေအဲန်ယူက ယနေ့ ထုတ်ပြန်ထားသည်။
မူးမြို့နယ်အတွင်းရှိ နတ်လောင်းလေးကျေးရွာသို့ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး လာရောက်ကျဲချခဲ့ရာ အသက် ၅၃ နှစ်အရွယ် ဦးစိုးသိန်းနှင့် အသက် ၄၅ နှစ်အရွယ် မဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် စစ်အုပ်စုတပ်က ထောင်ထားသော နင်းမိုင်းကို နင်းမိခြင်းကြောင့် အသက် ၃၃ နှစ်အရွယ် ဦးငြိမ်းချမ်းဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ အင်းပရိကျေးရွာအတွင်းသို့ အခြေစိုက်စစ်အုပ်စု၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် အသက် ၃၃ နှစ်အရွယ် ထိုက်ထိုက်အောင်နှင့် အသက် ၄၆ နှစ်အရွယ် ခက်ခက်နိုင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး)၊ မူး (မုန်း) နှင့် ဆောထိ (ရွှေကျင်) မြို့နယ်တို့တွင် ဖေဖော်ဝါရီ (၃) ရက်မှ (၈) ရက်နေ့အထိ စစ်အုပ်စုမိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား နှစ်ဦးသေဆုံးပြီး လသားအရွယ်ကလေးငယ်အပါအဝင် (၇) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူ၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။



















