Home သတင်း အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီပြတ်လပ်မှုမရှိစေရန် ထိုင်းစွမ်းအင်ဝန်ကြီးဌာန ပြင်ဆင်

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီပြတ်လပ်မှုမရှိစေရန် ထိုင်းစွမ်းအင်ဝန်ကြီးဌာန ပြင်ဆင်

244
Photo: CJ

မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်မှုအပြီး အရှေ့အလယ်ပိုင်း တင်းမာမှုကြောင့် ကမ္ဘာ့ရေနံရရှိမှု အခက်အခဲဖြစ်လာနိုင်ခြေကို ကြိုတင်ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့တွင် အမိန့်ညွှန်ကြားမှုများ ဆက်တိုက်ထုတ်ပြန်လာသည်။

အမိန့်ထုတ်ပြန်ချက်ပါ အချက်များအရ ထိုင်းနိုင်ငံအတွင်းရှိ ဆီသိုလှောင်ကန်များမှ စက်သုံး ဆီများကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် ပါဝင်သလို နယ်စပ်ဖြတ် ကျော် ဆီသယ်ယာဉ်များကို တင်းကြပ်စွာ စစ်ဆေးသွားမည်ဟု ပါဝင်သည်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခ ရှည်ကြာလာပြီး စွမ်းအင်တင်ပို့မှု ရပ်ဆိုင်းသွားပါက ထိုင်းပြည်တွင်း၌ ရက်ပေါင်း ၆၀ စာ လောင်စာဆီ အရန်သင့်ရှိနေစေရန်နှင့် အကယ်၍ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်သွားခဲ့ပါက ပြည်တွင်းသုံးစွဲမှုအတွက် အခက်အခဲမရှိစေရန်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ထိုင်းစွမ်းအင်ဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများသို့ အီရန်စစ်ပွဲ ကူးစက်ပြန့်ပွား လာပါက စွမ်းအင်လုံခြုံမှုရှိစေရန်အတွက် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင် နှစ်လစာ စက်သုံးဆီ အရန်သင့်ရှိနေကြောင်း ယမန်နေ့ မတ်လ ၁ ရက်နေ့က ပြောကြားထားသည်ကို ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ထိုင်းနိုင်ငံတွင် ရေနံစိမ်းနှင့် အချောကိုင်ပြီး စက်သုံးဆီ အရန်ပမာဏ လီတာ ၄.၉၂ ဘီလီယံရှိပြီး ၎င်းပမာဏသည် ပြည်တွင်းလိုအပ်ချက်အတွက် ၃၈ ရက်စာ လုံလောက်မှုရှိကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဝီရာဖတ် ကီယတ်ဖျောင်ဖူးက ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ ဦးတည်လာသော ရေနံစိမ်း လီတာ ၁.၇၅ ဘီလီယံရှိသည့် သင်္ဘောသည် လည်း ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် လမ်းခရီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အခြားသော အရင်းအမြစ်များမှလည်း လီတာ ၁.၁၂ ဘီလီယံကို ထိုင်းနိုင်ငံသို့ ပေးပို့လျက်ရှိသည်ဟု ဆိုသည်။

၎င်းပမာဏသည် ထိုင်းနိုင်ငံ၏ လိုအပ်ချက်အတွက် နောက်ထပ် ၂၃ ရက်စာကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သောကြောင့် စုစုပေါင်းအနေဖြင့် ထိုင်းနိုင်ငံ၏ အရန်စက်သုံးဆီမှာ ၆၁ ရက်စာ လုံလောက်မှုရှိကြောင်း ဝီရာဖတ် ကီယတ်ဖျောင်ဖူးက ပြောကြားထားသည်။

ရေနံစိမ်းအပြင် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ဆောင်လာသော သင်္ဘော ၄ စီးသည်လည်း ထိုင်းနိုင်ငံသို့ ဦးတည်မောင်းနှင်နေပြီး ၎င်းတို့အနက် ၂ စီးသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကယ်၍ အီရန်စစ်ပွဲမှာ ကြာရှည်လာခြင်း သို့မဟုတ် ပိုမိုပြင်းထန်လာခြင်းများ ရှိလာပါက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရန်ပမာဏကို တည်ငြိမ်စေရန်နှင့် စက်သုံး ဆီပြတ်လပ်မှု မရှိစေရန်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် လောင်စာဆီစျေးနှုန်းများကို ထိန်းချုပ်ထားနိုင်ရန်အတွက် စွမ်းအင်ရန်ပုံငွေကို အသုံးပြုစိုက်ထုတ်ပေးထားမည်ဖြစ်သလို ကမ္ဘာ့ရေနံစျေးနှုန်း ရုတ်တရက်ထိုးတက်သွားပါက ပြည်တွင်းဆီဆိုင်များတွင် စျေးနှုန်းအဆမတန် တက်မလာစေရန်အတွက် ရန်ပုံငွေကို ပိုမိုထုတ်ပေးသွားရန် ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားသည်။

ဆက်လက်၍ အိမ်သုံးဂတ်စ် (LPG) စျေးနှုန်းများကိုလည်း မတ်လကုန်အထိ တစ်အိုးလျှင် ၄၂၃ ဘတ်ဖြင့် စျေးနှုန်းမတက်ရန် ပုံသေထိန်းထားမည်ဖြစ်သည်ဟု ဆိုသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားသာ ပိတ်သွားခဲ့ပါက ကမ္ဘာ့စက်သုံးဆီ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကို ထိခိုက်စေမည်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံ ၏ အရန်စက်သုံးဆီပမာဏနှင့် စျေးနှုန်းများအပေါ် သက်ရောက်မှု မရှိသေးကြောင်း ထိုင်းစွမ်းအင်ဝန်ကြီးက ပြောဆိုထားသည်။

ကိုးကား : Bangkok Post, Nation Thailand, Thai PBS world