မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် အခြေခံလူသုံးကုန်ပစ္စည်းအများစုပါဝင်သည့် ကုန်စည်အမျိုးအစား ၅၉ မျိုး၏ ဈေးနှုန်းများကို အစိုးရက တင်းကျပ်စွာ ထိန်းချုပ်သွားရန် စီစဉ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြရေးသားသည်။
အဆိုပါကုန်စည်များကို ခိုင်လုံသော အကြောင်းပြချက်ရှိမှသာ ဈေးနှုန်းတိုးမြှင့်ခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီ စုသမ်ဖန် (Suphajee Suthumpun) ၏ အပြောကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
စားသုံးသူများအတွက် အဓိကကျသည့် အခြေခံစားသောက်ကုန်များထဲက ခေါက်ဆွဲခြောက်နှင့် နို့ထွက်ပစ္စည်းများအပြင် စွမ်းအင်နှင့် ထုတ်လုပ်မှုစရိတ်များနှင့် ဆက်စပ်နေသည့် အခြားသော သတ်မှတ်ကုန်စည်များကိုလည်း ဝန်ကြီးဌာနအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဝန်ကြီး မစ္စစုဖာဂျီ (Ms Suphajee) က ပြောခဲ့သည်။
လက်ကျန်ကုန်ပစ္စည်းဟောင်းများကို လက်ရှိဈေးနှုန်းများအတိုင်းသာ ရောင်းချရမည်ဖြစ်ပြီး ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဈေးနှုန်းတိုးမြှင့်ပါက အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကုန်စည်ဈေးနှုန်းများကိုလည်း ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ပြည်ထဲရေးနှင့် စွမ်းအင်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းကာ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးကြပ် မတ်မှုများ လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို စေလွှတ်ထားသည်ဟုလည်း သိရသည်။
ယခုလို ကုန်စည်ဈေးနှုန်းများ တင်းကျပ်စစ်ဆေးခြင်းမှာလည်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် ကုန်ဈေးနှုန်း အဆမတန် မြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းသိုလှောင်ခြင်းတို့ကို ကာကွယ်ပေးရန်အတွက် ရည်ရွယ်သည့် အစီအစဉ်ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များက ဆိုသည်။
ထို့အပြင် ကုန်ဈေးနှုန်းများနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့်လည်း မူမမှန်သည့် အခြေအနေများကို Hotline ဖုန်းနံပါတ် ၁၅၆၉ မှတစ်ဆင့် သတင်းပေးပို့နိုင်ကြောင်းလည်း တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ကုန်ပစ္စည်းများ အလုအယက် ဝယ်ယူစုဆောင်းခြင်းမျိုး မလုပ်ဆောင်ရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တိုက်တွန်းထားသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွင်း လက်ရှိကုန်ပစ္စည်းလက်ကျန်များအရ လာမည့် ရက်ပေါင်း ၆၀ ခန့်အထိ ကုန်ဈေးနှုန်းများကို တည်ငြိမ်အောင် ထိန်းထားနိုင်ဦး မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အကြီးစား လက်လီလက်ကား လုပ်ငန်းရှင်များက တရားဝင် ပြောဆိုထားသည်။
သို့သော် လောင်စာဆီရန်ပုံငွေ အရှုံးပေါ်မှုကြောင့် နိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်ကြီးများတွင် ဆီဈေးနှုန်းများကို ယနေ့ မတ်လ ၁၈ ရက်နေ့ကစပြီး စတင်တိုးမြှင့်သွားမည်ဟုလည်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သူ ဖိဖတ် ရပ်ချကစ်ပရာကန် (Phiphat Ratchakitprakarn) က ဘန်ကောက်မြို့က အစိုးရအိမ်တော်တွင် လူထုများကို တရားဝင် အသိပေးပြောဆိုထားသည်။

















