Home သတင်း မဲဆောက်မြို့လောင်စာဆီဆိုင်များတွင် မြန်မာဘက်မြဝတီကားများ ဆီသွားဝယ်ယူသူ များပြားနေ

မဲဆောက်မြို့လောင်စာဆီဆိုင်များတွင် မြန်မာဘက်မြဝတီကားများ ဆီသွားဝယ်ယူသူ များပြားနေ

166

မတ်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် စက်သုံးဆီဆိုင်များ အရောင်းပြတ်သည့်အထိ ဝယ်ယူစုဆောင်းမှု မြင့်တက်နေသည့်အတွက် မြဝတီမြို့ခံ ကားအသုံးပြုသူများသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်က ဆီဆိုင်များ၌ သွားရောက်ဝယ်ယူသူ များပြားနေကြောင်း သိရသည်။

မြဝတီမြို့ရှိ စက်သုံးဆီ၊ လောင်စာဆီ အရောင်းဆိုင်ကြီးများတွင် မတ်လ ၂ ရက် ညနေပိုင်းမှစပြီး ဆီဝယ်ယူစုဆောင်းလိုသူများ စက်သုံးဆီဝယ်ယူလိုမှု မြင့်တက်လာသည့်အတွက် မဲဆောက်မြို့ဘက် သွားရောက်ဝယ်ယူကြကြောင်း မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက “အခု ဆီတိုးနေကြတာက ဝပ်သောက် (လိုင်စင်မဲ့) စီးတဲ့သူတွေ ဝယ်ကြတာ၊ ကျနော်တို့ လိုင်စင်ကားရှိတဲ့သူက မဲဆောက်ဘက်သွားထည့်တယ်။ ဆီသန့်တယ်။ အောက်တိန်း (Octane) က မြန်မာဆီဆိုတော့ မြဝတီရောက်ရင် ဆီပါဝါမပြည့်တော့ဘူး။ အခု ဆိုင်ကယ်တွေ၊ ကားတွေ နည်း နည်းစီ မျှရောင်းနေတော့ ဝယ်လာလိုက်၊ ဖောက်ချလိုက်၊ ပြန်တန်းစီပြီး ပြန်ဝယ်လိုက်၊ စုလိုက် လုပ်နေကြတယ်” ဟု ပြောသည်။

လတ်တလော မြဝတီမြို့တွင် စက်သုံးဆီအတွက် မြန်မာပြည်တွင်းမှ စက်သုံးဆီ/လိုင်စင်ပါမစ်အရ ဆီသယ်ဆောင်ခွင့်ရသည့် ဆီဆိုင်များကိုသာ အဓိက အားထားဝယ်ယူ အသုံးပြုနေရသည်။ မဲဆောက် မြို့ဘက်ကို ထိုင်းဆီ ဝယ်ယူတင်သွင်းခွင့် ပိတ်ထားသည့် အခြေအနေ ဆက်ရှိနေသော်လည်း မဲဆောက်-မြဝတီ သွားလာခွင့်ရသည့် အိမ်စီးကားအများစုသည် မဲဆောက်မြို့ဘက် ဆီဆိုင်များတွင် ဆီဝယ်ယူခွင့် ရနေသေးကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂ ရက်က ထိုင်းက ဆီတင်သွင်းရောင်းချတာ ပြည်ပနိုင်ငံတွေကို ပိတ်ချလိုက်တယ်။ ပြည်တွင်းရောင်းဖို့ နှစ်လစာ ထိန်းထားတယ်ဆိုတော့ မဲဆောက်မှာ ဆီဈေးမတက်သေးဘူး။ တစ်လီတာကို ပရီမီယံဒီဇယ် ၄၄ ဘတ် ၈ ပြား၊ 95 ပရီမီယံဓာတ်ဆီ တစ်လီတာကို ၃၁ ဘတ် ၁၉ ပြား ရှိတယ်။ မြဝတီမှာ ဒီဇယ်တစ်လီတာကို ၇ ထောင်နီးပါး ရောင်းနေတယ်။ ဓာတ်ဆီက ၆ ထောင်ဝန်းကျင်ရှိတယ်။ အခုက ဆိုင်ကယ်ဆို တစ်သောင်းဖိုး၊ ကားဆို ၃ သောင်းဖိုးပဲ ရောင်းတော့တယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ရှိ မြေနီကုန်း၊ အာရှလမ်း၊ ဖားခြောက်ကောင်၊ ကြံခင်းလမ်း အပါအဝင် မြဝတီမြို့တွင်း၊ မြို့ပြင်ဆီဆိုင်များတွင် လောင်စာဆီ ဝယ်ယူစုဆောင်းလိုသူများ၏ ကား/ဆိုင်ကယ်များ အစီးရေ ရာချီစုဝေးရောက်ရှိလာပြီး ဝယ်ယူနေကြသည်။ ထိုအခြေအနေကြောင့် ပုဂ္ဂလိကဆီဆိုင်လမ်းမများနှင့် မဲဆောက်ဘက်သွားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) ဘက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

လက်ရှိ စစ်အုပ်စုက ခွဲတမ်းဖြင့် လောင်စာဆီပါမစ်ဖြင့် သယ်ဆောင်ခွင့်ပြုသည့် ဆီကားများမှအပ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆီမှောင်ခို ဝယ်ယူရောင်းချသူများအား ဖားအံ၊ မော်လမြိုင်နှင့် ရန်ကုန်/သထုံ ကားလမ်းပိုင်းများတွင် စစ်ဆေး ဖမ်းဆီးနေကြသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ဆီပြတ်လပ်မှုမှာ ဆီဈေး ယခင်ထက် ၃ ဆခန့် မြင့်တက်လာနိုင်ကြောင်း မြဝတီဆီလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။