မတ် (၂၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာကို စစ်အုပ်စုက မတ်လ(၂၈)ရက်နေ့မှစ၍ ဖျက်အားပြင်းမီးလောင်ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပိုင်နေအိမ်(၁၀)လုံးထက်မနည်း ပျက်စီးမှုရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ထိန်းချုပ်ထားသည့် ဖလူး-မင်းလက်ပံလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက မြေပြင်စစ်ကြောင်းအပါအဝင် ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ယနေ့(မတ်လ ၂၉ ရက်)မနက်ပိုင်းအထိ တိုက်ခိုက်နေခြင်းဖြစ်ပြီး မီးလောင်ဗုံးများကြောင့် ဖလူးရွာ နေအိမ်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေသည်ဟု KNLA မဟာမိတ်တပ်က ဆိုသည်။
“မနေ့ကနေ့လည်ပိုင်းမှာတင် ဒရုန်းနဲ့ မီးလောင်ဗုံးသီးတွေချတော့ ရွာကအိမ်တွေမီးလောင်တာ(၁၀)လုံးကျော်တယ်။ အရင်လတွေကလည်း လေယာဉ်ကြဲ၊ ဒရုန်းကြဲတာနဲ့ဆို တစ်ရွာလုံးပျက်နေပြီ။ အခုမနက်လည်းတိုက်ပွဲကဆက်ဖြစ်နေတယ်။ သုံးထပ်ကွေ့၊ ဝေါလေလမ်းကိုထိန်းနိုင်ဖို့” ဟု KNLA တပ်ဖွဲ့ဝင်က ပြောသည်။
စစ်အုပ်စု၏မြေပြင်စစ်ကြောင်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်နေသည့်ကာလ (၅)လနီးပါးကြာမြင့်လာချိန်တွင် စစ်အုပ်စုတပ်ဖွဲ့များက ဖျက်အားပြင်းဒရုန်းဗုံးသီးများ အသုံးပြုတိုက်ခိုက်မှုပုံစံကို ပြောင်းလဲလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ထို့အတူ ကော့ကရိတ်မြောက်ပိုင်းနယ်မြေ၊ အောက်ဘိုတဲ၊ ထီဖိုးစံလမ်းပိုင်းဘက်တွင်လည်း မီးလောင်ဗုံးနှင့် ဓာတုဓာတ်ငွေ့ ဗုံးအသုံးပြု တိုက်ခိုက်ရန် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကော့ကရိတ်-ကျုံဒိုးနယ်မြေစစ်အုပ်စုထံ အမိန့်ပေးထားသည်ဟု ကျုံဒိုးစစ်တပ်အသိုင်းအဝိုင်းမှသိရသည်။ ကေအိုင်စီအနေဖြင့်မူ သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။

လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ကျုံဒိုးတပ်အသိုင်းအဝိုင်းနီးစပ်သူက “ရတခနဲ့ ဖားအံတပ်မက စစ်တိုင်းမှူး၊ တပ်မမှူးတွေ ကော့ကရိတ်နဲ့ကျုံဒိုးတပ်တွေကိုလာတယ်။ ပြည်သူ့စစ်အသစ်တွေနဲ့ မီးလောင်ဗုံး၊ ဓာတုဓာတ်ငွေ့ဗုံးတွေသုံးပြီး အာရှလမ်း၊ လမ်းဟောင်းကို အခုဧပြီမှာအပြီးရှင်းဖို့လုပ်မယ်ဆိုတာမျိုး အမိန့်ပေးထားတယ်” ဟု ပြောသည်။
တဆက်တည်းတွင် မတ်လ(၂၆)ရက်မှ(၂၈)ရက်နေ့အထိ ကျုံဒိုး-ကော့ကရိတ်နယ်မြေမှ စစ်အုပ်စု ခြေမြန်တပ်ရင်း၊ ခြေလျှင်တပ်ရင်းများကို KNLA ပူးပေါင်းတပ်က ဒရုန်းနှင့်ရှော့တိုက်ဒုံးတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။
စစ်အုပ်စုဘက်ကလည်း အောက်ဘိုတဲ၊ မောင်းမ၊ ရွာသစ်ကုန်း၊ ကျုံဒိုး၊ ချောင်းဖျား၊ ကျုံဘိုင်းလမ်း၊ ကိုးတိုင်၊ လှိုင်ကွယ်၊ တောင်ကြာအင်းလမ်းပိုင်းများသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း စစ်အုပ်စုသည် မြဝတီ၊ သဃ်န်းညီနောင်၊ မယ်ဝါးခီး၊ လေး ကေကော်၊ ကွင်းကလေးကျေးရွာများဘက်ရှိ KNLA မဟာမိတ်တပ်များကို တိုက်ခိုက်ရာတွင်လည်း မီးလောင်ဗုံးများအသုံးပြု၊ ကျေးရွာများကိုဖျက်စီး၍နယ်မြေစိုးမိုးမှုရရန် တိုက်ခိုက်ခဲ့သေးကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။



















