မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့စစ်ရှောင်စခန်းနှင့်အနီး သောင်ရင်းမြစ်နံဘေးတွင် ဖွင့်လှစ်ထားသည့် ရေပေါ်ဈေးနေရာတွင် လောင်းကစားဝိုင်းပါ ထည့်သွင်းပြုလုပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
မြဝတီတောင်ပိုင်းတွင် ယနေ့ထက်ထိ တိုက်ပွဲအခြေအနေပြင်းထန်လျက်ရှိသော်လည်း မြန်မာနိုင်ငံဘက် သောင်ရင်းမြစ်အစပ်ရှိ အဆိုပါရေပေါ်ဈေးတန်းနေရာ၌ လောင်းကစားပြုလုပ်သူများဖြင့် ဖဲဝိုင်းတချို့ပါ ထည့်သွင်းပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“နွေရောက်တော့ ရေခမ်းသွားတော့ တချို့နေရာဆို တဲလေးတွေဆောက်လို့ရတယ်လေ။ မြန်မာဘက်ကမ်း ချောင်းထဲမှာပဲ အဲ့လိုတဲလေးတွေဆောက်ပြီး ရေပေါ်ဈေးလုပ်တာ။ မဏ္ဍပ်ပုံစံ လုပ်ထားတဲ့တဲလေးတွေလည်းရှိတယ်။ တဲတွေထဲမှာ အမျိုးသမီးတွေအများကြီးပဲ ထိုင်ပြီး ဖဲဝိုင်းရိုက်နေကြတာလည်း တွေ့ရတယ်။” ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ (၁) ရက်နေ့ကတည်းက အသံချဲ့စက်များဖွင့်၍ ရေပေါ်ဈေးဖွင့်ပွဲပုံစံကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်တဝိုက် စတင်သတိပြုစရာဖြစ်လာသည်ဟု ဒေသခံများကဆိုသည်။
အမည်မဖော်လိုသူ ဝေါလေဒေသခံတစ်ဦးက “ပလောတပို့အပေါ်ဘက်မှာပဲ အဲ့ဒီနားမှာ DKBA ဂိတ်တစ်ခုလည်းရှိတယ်လေ။ ကျနော်ရောက်တုန်းကတော့ ဘာမှမရှိသေးဘူး။ ဝါးလေးနဲ့ ဆောက်နေတာတွေ့လို့ ဂိတ်လုပ်တယ်ထင်နေတာ အစက။” ဟု ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ထိုင်းဘက်မှ ပလောတပို့စစ်ရှောင်စခန်းသို့သွားလာသူ အချို့ပြောပြချက်အရ ထိုင်းမှမြန်မာသို့ သောင်ရင်းမြစ်ကို ဖြတ်ကူးနိုင်ရန် ရေပေါ်ဈေးတန်းအနီး ဝါးတံတားတစ်ခု ပြုလုပ်ထားပြီး တံတားထိပ် DKBA ဂိတ်မှ ဖြတ်သန်းခ တစ်ဦးလျှင် ထိုင်းဘတ် (၂၀) ကောက်ခံလျက်ရှိသည်ဟု ဖြတ်သန်းသွားလာသူများက ပြောသည်။
ရေပေါ်ဈေးဆောက်လုပ်မှုနှင့်ပတ်သက်ပြီး ဒေသတွင်း ထိန်းချုပ်လှုပ်ရှားနေသည့် DKBA အား ကေအိုင်စီက မေးမြန်းရာတွင်မူ ၎င်းတို့ဗဟိုအနေဖြင့် မသိရှိထားသောကိစ္စဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
“အဲဒီနေရာတွေက တိုက်ပွဲတွေ မကြာမကြာဖြစ်နေတာ၊ ပွဲလုပ်တာမဟုတ်လောက်ဘူး။ သူတို့ဟာ သူတို့ဖန်တီးယူတဲ့အနေအထားပဲရှိမယ်။ ဒီလောက်တောင် အခြေအနေတွေမကောင်းတဲ့ဟာ အများပြည်သူ သွားလာဖို့အတွက်တော့ ရည်ရွယ်တာမဖြစ်နိုင်လောက်ဘူး ထင်တယ်။” ဟု အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး စောဖားဘလက်က မတ်လ (၄) ရက်နေ့တွင် ပြောသည်။
၂၀၂၂ ခုနှစ်ကလည်း မင်းလက်ပံနှင့် မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းအကြား သောင်ရင်းမြစ်ကမ်းဘေး နေရာ (၃) ခု တွင် သင်္ကြန်ရက် လူစည်ကားစေရန်ရည်ရွယ်သည်ဆိုကာ ဒေသအခြေစိုက် လက်နက်ကိုင်အချို့က ရေပေါ်ဈေးများ ဖွင့်လှစ်ခဲ့သေးသည်။
စစ်ရေးအခြေအနေအရ နယ်မြေထိန်းချုပ်ရန် ထိုးစစ်ဆင်ကြိုးပမ်းနေသည့် စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲပြင်းထန်နေသည်မှာ လချီကြာမြင့်၍ရှိသည်။ တိုက်ပွဲအတွင်း ပြီးခဲ့သည့် မတ်လ (၁၃) ရက်မှစ၍ ပလောတပို့စစ်ရှောင်စခန်းနေရာနှင့်အနီးဝန်းကျင်တွင် အသေခံ ဒရုန်းများ၊ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုရှိနေပြီး လူထိခိုက်သေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သည်။

















