မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ မဲ့ကျန်းတိုက်နယ်ရှိ ကရင်လူမျိုးများ နေထိုင်ရာ လေးတော်ခို့ ကျေးရွာတွင် နှစ်ပေါင်းများစွာ အစဉ်အဆက် ကိုးကွယ်လာခဲ့သည့် ရှေးဟောင်းဆင်စွယ် ဗုဒ္ဓဆင်းတု တော် နှစ်စုံကို မူလနေရာသို့ ပြန်လည်ပင့်ဆောင်ပူဇော်ထားရှိပြီဖြစ်ကြောင်း သိရသည်။
နှစ်ကြိမ်တိုင် ခိုးယူခံခဲ့ရသည့် အဆိုပါ ရှေးဟောင်း ဆင်စွယ်ဗုဒ္ဓဆင်းတုတော် အကြီးတစ်စုံနှင့် အငယ်တစ်စုံကို အုန်းဖန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ထိန်းသိမ်းထားရှိရာမှ မူလနေရာ ကျေးရွာသို့ ပြန်လည်ပင့်ဆောင်နိုင်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ဒေသခံများက တင်ပြတောင်းဆိုခဲ့ကြသည်။ ထိုသို့ တင်ပြပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လေးတော်ခို့ကျေးရွာသို့ ပြန်လည်ပင့်ဆောင် ပူဇော်ထားရှိခြင်းဖြစ်သည်။
လေးတော်ခို့ရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “နှစ်ခေါက်အခိုးခံရတော့ ထပ်ပျောက်မှာစိုးလို့ အုန်းဖန်ရုံးမှာ သွားပြန်ထားလိုက်တာ။ နှစ်ပေါင်းလည်း ကြာသွားပြီဆိုတော့ ရွာမှာ ပြန်ကိုးကွယ်ဖို့ ရွာသူကြီးတို့က ပြန်တောင်းတာ။ အခု လောလောဆယ်တော့ ညအိပ်စောင့်ကြည့်တာမျိုးတွေ ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဘိုးဘွားအစဉ်အဆက်ကတည်းက ကိုးကွယ်လာခဲ့သည့် ထိုရှေးဟောင်းဆင်စွယ် ဗုဒ္ဓဆင်းတုတော်ကို လေးတော်ခို့ရွာရှိ တလာကူးဘာသာဝင်များက တစ်ပတ်တစ်ကြိမ် ဝတ်ပြုဆုတောင်းရာ နေရာ၌ ထားရှိကာ ရွာသားများက အပတ်စဉ် သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အဆိုပါ ရှေးဟောင်းဆင်စွယ်ကို မြန်မာနိုင်ငံဘက်ခြမ်းရှိ ဆံတော်ရှင် မုလအိစေတီတော်၌ ထားရှိကိုးကွယ်ရန်ဟု အကြောင်းပြကာ လေးတော်ခို့ ကျေးရွာသူကြီး ဟောင်းဆိုသူက ဒေသခံရွာသူရွာသားများ၏ ခွင့်ပြုချက်မရဘဲ ခိုးယူခဲ့သည်။

အဆိုပါ ခိုးယူလာသည့် ဆင်စွယ်ဗုဒ္ဓဆင်းတုတော်ကို သယ်ဆောင်လာစဉ် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့က ထီဖိုးမိုကျေးရွာ၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၀ ခုနှစ်တွင်လည်း ရွာ၌ ပြန်လည်ပူဇော်ထားရှိသည့် ဆင်စွယ်ဗုဒ္ဓဆင်းတုတော်ကို တလာ ကူးဘာသာဝင် ဆိုင်ကယ်စီးလာသူနှစ်ဦးက ဒုတိယအကြိမ် ထပ်မံခိုးယူခဲ့သည်။ ထိုသို့ ခိုးယူသယ်ဆောင် လာစဉ် ထိုင်းနယ်စပ် ပိုင်ခလန်နှင့် ကျိုက်ဒုံလမ်းပေါ်တွင် DKBA အဖွဲ့ကပင် ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက အုန်းဖန်မြို့နယ်ရုံး၌ ပြန်လည်ထိန်းသိမ်းထားရှိခဲ့ခြင်းဖြစ် သည်။
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက “ အဲဒီခိုးတဲ့လူတွေက သူတို့ရွာထဲကလူပဲ။ ပထမတစ် ခေါက်က မုလအိဘုရားမှာ သွားထားဖို့၊ ဒုတိယတစ်ခေါက် ခိုးတဲ့လူက ဘယ်ကိုယူသွားဖို့လဲတော့ မသိဘူး။ ဆင်စွယ်တွေက တန်ဖိုးကြီးတယ်။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတာ ကောင်းပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ခိုးယူခံရသည့် ဆင်စွယ်ဗုဒ္ဓဆင်းတုတော် အကြီးတစ်စုံ၏ အရှည်မှာ ၁.၇၀ မီတာကျော်ရှိပြီး အလေးချိန် ၄၀ ကီလိုဂရမ်ကျော်ရှိသလို နှစ်ပေါင်း ၄၀၀ ခန့်ရှိသည့် ရှေးဟောင်းဆင်စွယ်ဖြစ်သည်ဟုလည်း လေးတော်ခို့ ရွာသားများက ပြောဆိုကြသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် လေးတော်ခို့ကျေးရွာသည် တလာကူးဘာသာကို ကိုးကွယ်ကြသည့် ကရင်လူမျိုးများသာ နေထိုင်ကြသည်။ ရွာရှိ အမျိုးသားများသည် ဆံပင်အရှည်ထားကြပြီး ရွာသူရွာသားအားလုံးမှာ ကရင်ရိုးရာဝတ်စုံကို နေ့စဉ်ဝတ်ဆင်ကြသည်။ ထို့အပြင် နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက်၏ သမီးတော် မင်းသမီးကြီး သီရိဒုံ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။



















