Home သတင်း နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော်အပါအဝင် အကျဉ်းသား တစ်သောင်းကျော်ကို စစ်အုပ်စု လွတ်ငြိမ်းခွင့်ပြု

နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော်အပါအဝင် အကျဉ်းသား တစ်သောင်းကျော်ကို စစ်အုပ်စု လွတ်ငြိမ်းခွင့်ပြု

212
Photo Credit to Original Uploader - (ပုံဟောင်း)

မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၁၀,၁၆၂ ဦးကို စစ်အုပ်စုက ယနေ့ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ၎င်းတို့အထဲတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ ၇,၃၃၇ ဦး ပါဝင်ကြောင်း သိရသည်။

ယနေ့လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူ ၇,၀၀၀ ကျော်နှင့် အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး ပါဝင်ပြီး ၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသော စည်းကမ်းချက်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပုဒ်မများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) တို့နှင့် တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူများအပါအဝင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၂,၄၈၇ ဦး၏ အမှုများကိုလည်း စစ်အုပ်စုက ပိတ်သိမ်းပေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ကနဦးအတည်ပြုချက်အရ ယနေ့ညနေပိုင်းအထိ အကျဉ်းထောင် (၁၀) ခုမှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“PPNM မှ စုံစမ်းရရှိပြီး ကနဦးအတည်ပြုထားတဲ့ စာရင်းတွေအရ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား ၃၂၄ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အကျဉ်း ထောင်အသီးသီးက လွတ်မြောက်လာတဲ့ အကျဉ်းသားအရေအတွက်စာရင်းကို စောင့်ကြည့်ထုတ်ပြန်သွားမှာဖြစ်သလို အကျဉ်းထောင်အတွင်း ကျန်ရှိနေဆဲဖြစ်တဲ့ အကျဉ်းသားအားလုံး လွတ်မြောက်ဖို့ကိုလည်း ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်” ဟု PPNM က အသိပေးထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊ မတရားအသင်းများ၊ လက်နက်မှု၊ မူးယစ်မှု၊ သဘာဝဘေးအန္တရာယ်မှု၊ အကြမ်း ဖက်မှုနှင့် အဂတိပြစ်မှုများမှအပ ကျန်ပြစ်မှုများဖြင့် အကျဉ်းကျနေသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်းလည်း ပါရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပြုစုထားသော စာရင်းအရ တော်လှန်ရေးတက်ကြွလှုပ်ရှားသဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ စုစုပေါင်း (၃၀,၅၃၁) ဦးရှိသည်။ ၎င်းတို့အနက် (၂၂,၈၁၉) ဦးမှာ လက်ရှိအထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး (၁၁,၅၇၉) ဦးမှာ အကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဖော်ပြထားသည်။