မတ်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တာ့ခ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကို မြှင့်တင်ရန်အတွက် ဂျပန်အစိုးရက ဂျပန်ယန်း ၄၅၃ သန်း (ထိုင်းဘတ် ၉၀.၁ သန်းခန့်) ထောက်ပံ့ရန် ကတိပြုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက မတ်လ ၁ ရက်နေ့တွင် ဖော်ပြထားသည်။
နယ်စပ်ဒေသတွင် ဒုက္ခသည်အရေအတွက် တိုးပွားလာမှုနှင့်အတူ ဒုက္ခသည်စခန်းများသို့ နိုင်ငံတကာအကူအညီများ ဖြတ်တောက်ခံရမှုကြောင့် ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ရန်ပုံငွေထောက်ပံ့မည့် သဘောတူညီချက်ကို ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဂျပန်သံအမတ်ကြီး အိုတာကာ မာဆာတို၏ နေအိမ်၌ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်ရှိထောက်ပံ့သည့် ရန်ပုံငွေအစီအစဉ်သည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်များကို ဖြေရှင်းပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုတာကာ မာဆာတိုက ပြောကြားခဲ့သည်။
အဆိုပါရန်ပုံငွေများကို တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူများအတွက် “ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ မြှင့်တင်ရေးစီမံကိန်း” ဟု အမည်ပေးထားသည့် လုပ်ငန်းစဉ်တွင် အသုံးပြုသွားမည်ဖြစ်သည်။
ရရှိလာသည့် ရန်ပုံငွေများကို WHO၊ JICA နှင့် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန (MoPH) တို့ ပူးပေါင်းပြီး တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်ဆေးရုံကြီး ၅ ခုကို အဓိကထား အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ ၎င်းဆေးရုံ ၅ ခုမှာ မဲဆောက်ဆေးရုံကြီး၊ ထာ့ဆောင်ယန်းဆေးရုံ၊ ဖုတ်ဖရဆေးရုံ၊ အုန်းဖန်ဆေးရုံ နှင့် မဲရမတ်ဆေးရုံ တို့ဖြစ်ကြသည်။
အဆိုပါဆေးရုံများသည် နယ်စပ်ဒုက္ခသည်စခန်းများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသည့် ဆေးရုံများလည်း ဖြစ်သည်။ အထူးသဖြင့် မဲဆောက်ဆေးရုံကြီးသည် နယ်စပ်တွင် အကြီးဆုံးဖြစ်ပြီး ဒုက္ခသည်စခန်းများမှ လွှဲပြောင်းကုသလာသည့် လူနာများကို အဓိက လက်ခံကုသပေးနေသည်။
ထာ့ဆောင်ယန်းဆေးရုံသည် မယ်လဒုက္ခသည်စခန်းအတွက် အဓိက ပံ့ပိုးပေးနေပြီး ဖုတ်ဖရနှင့် အုန်းဖန်ဆေးရုံများသည် အုန်းဖျန်နှင့် နို့ဖိုးစသည့် ဒုက္ခသည်စခန်းများမှ လူနာများကို အဓိကကုသပေးနေသည်။ မဲရမတ်ဆေးရုံသည်လည်း နယ်စပ်တစ်လျှောက် ကျန်းမာရေး စောင့်ရှောက်မှုကွန်ရက်တွင် အဓိကပါဝင်နေသည့် ဆေးရုံဖြစ်သည်။
WHO က အဓိကစီမံခန့်ခွဲမည့် အဆိုပါရန်ပုံငွေများကို ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် မိလ္လာစနစ်များ အဆင့်မြှင့်တင်ရန်၊ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ရန်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် လေ့ကျင့်ရေးစင်တာတစ်ခု တည်ထောင်ရန် အသုံးပြုသွားမည်ဖြစ်သည်။
လက်ရှိတွင် တာ့ခ်ခရိုင်အတွင်းရှိ ထိုင်းအစိုးရကျန်းမာရေးဌာနများနှင့် နယ်စပ်အခြေစိုက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် အရပ်ဘက်ကျန်းမာရေးအဖွဲ့အစည်းများ (CHOs) ပူးပေါင်းပြီး ကျန်းမာရေးသင်တန်းများ ဆောင်ရွက်နေကြောင်း နယ်စပ်ကျန်းမာရေးအဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၂၀၂၁ ခုနှစ်မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက် တိုးပွားလာခဲ့ သည်။ ထို့ကြောင့် တာ့ခ်ခရိုင်အတွင်းရှိ ဆေးရုံတက်လူနာနှင့် ပြင်ပလူနာအရေအတွက်မှာ သိသိသာ သာ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများက ပြောဆိုကြသည်။
ကိုးကား-Bangkok Post



















