Home သတင်း တပေါင်းလပြည့်နေ့ ဇွဲကပင်တောင်ဘုရားပွဲ လာရောက်လည်ပတ်သူများဖြင့် စည်ကား

တပေါင်းလပြည့်နေ့ ဇွဲကပင်တောင်ဘုရားပွဲ လာရောက်လည်ပတ်သူများဖြင့် စည်ကား

144
Photo: CJ

မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ အထင်ကရ သမိုင်းဝင် ဇွဲကပင် ဆံတော်ရှင်ဘုရား၏ ယနေ့ (မတ်လ ၂ ရက်) တွင် ပြုလုပ်သည့် တပေါင်းလပြည့်ဘုရားပွဲ၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲကို ဖားအံမြို့အနီးရှိ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း ခလောက်နို့ရွာနှင့် အနောက်ဘက်ခြမ်း ဒုံရင်းရွာ နှစ်ခုစလုံးတွင် ကျင်းပနေခြင်းဖြစ်သည်။

တပေါင်းလပြည့်နေ့ အားလပ်ရက်ဖြစ်၍ မိသားစု၊ မိတ်ဆွေများဖြင့် နယ်ခံများအပါအဝင် ရန်ကုန်၊ မော်လမြိုင် အစရှိသည့် မြို့ကြီးများမှ ခရီးသွားဧည့်သည်များ လာရောက်လည် ပတ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဘုရားအနီး အစားအသောက် ရောင်းချသည့် အမျိုးသမီးတစ်ဦးက “လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ရယ် အဲဒါ အစည်ဆုံးပဲ။ ပွဲရက်က ခရီးသည်တွေ များတယ်။ ရန်ကုန်တို့၊ မွန်ပြည်နယ်တို့ ဘက်ကနေ လာကြတာများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ယခုလို ဘုရားဖူးလာရောက်သူ များပြားသည့်အတွက် တောင်ခြေရှိ ဈေးဆိုင်တန်းများတွင်လည်း ဒေသထွက်ကုန်များနှင့် အမှတ်တရပစ္စည်းများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။

“ဒီပွဲတော်ရက်ကတော့ ပုံမှန်ထက် ပိုရောင်းရတာပေါ့။ ညဘက်လည်း လူတွေတော်တော်လာကြတယ်လေ။ ပိုတောင် စည်သေးတယ်” ဟု အဆိုပါ ဈေးသည်အမျိုးသမီးက ဖြည့်စွက်ပြောသည်။

အဆိုပါ ဘုရားပွဲကို တပေါင်းလပြည့်နေ့ မတ် ၂ ရက်နေ့မှ လပြည့်ကျော် နှစ်ရက် မတ် ၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ ပွဲတော်တွင် ငါးပစ်ဂိမ်းအပြင် ဖဲ၊ အနီထောင်နှင့် အခြားအမျိုးအမည် မသိရသော လောင်းကစားဝိုင်းများဖြင့် ညပိုင်းတွင် ပိုမိုစည်ကားနေသည်ဟု ဒေသခံများက ပြောသည်။

ဆယ့်နှစ်လရာသီပွဲတော်တွင် တပေါင်းလပြည့်နေ့သည် ဘုရားပွဲတော်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ သမိုင်းဝင်ဘုရားများတွင် ဘုရားပွဲတော် ကျင်းပလေ့ရှိကြသည်။ ဇွဲကပင်တောင် ဘုရားပွဲသည် နှစ်စဉ် လူစည်ကားလေ့ရှိသည်။