Home တွေ့ဆုံမေးမြန်းခန်း စစ်ရှောင်ကူညီသူ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် မေးမြန်းခြင်း။

စစ်ရှောင်ကူညီသူ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် မေးမြန်းခြင်း။

567

“လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို စစ်အစိုးရကနေပြီးတော့မှတစ်ဆင့် စီးဝင်ပြီး စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတာက မဖြစ်နိုင်သလောက်ပဲ၊ ပြည်သူလူထုကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ဖို့အတွက် အထောက်အပံ့သာ ပိုဖြစ်စေပါလိမ့်မယ်။”

စစ်ရှောင်ကူညီသူ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် မေးမြန်းခြင်း။

မတ်လ ၁၈ရက်၊ ၂၀၂၆ ။ ကေအိုင်စီ

မြေပြင်နဲ့ လေကြောင်းသာမက ရေလမ်းကြောင်းကနေပါ တိုက်ခိုက်မှုဒဏ်ခံနေရတဲ့ တနင်္သာရီ တိုင်းဒေသကြီးရဲ့ နယ်မြေစစ်ရေးအခြေအနေဟာ အခု ၂၀၂၆ ခုနှစ်ထဲမှာ ပိုလို့ဆိုးရွားလာပါတယ်။

ဒီထဲမှာ ကရင်လက်နက်ကိုင်တွေအပါအဝင် မဟာမိတ်တပ်တွေနဲ့ စစ်အုပ်စုနှစ် ဖက်တိုက်ပွဲကြောင့်လည်းကောင်း၊ နယ်မြေစိုးမိုးမှုရဖို့ ရွာတွေမှာ စစ်ကြောင်းထိုးပြီး ဖျက်ဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေခြင်းကြောင့်သော်လည်းကောင်း ပါဝင်ပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်ရတဲ့ အခြေအနေဖြစ်ပေါ်နေပါတယ်။

ဒေသအခြေအနေ၊ နယ်မြေတွင်းစစ်ရှောင်အခြေအနေတွေကို သိရှိနိုင်ဖို့ စစ်ဘေးရှောင် ကူညီနေသူလည်းဖြစ်ပြီး လက်ရှိမှာ ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အခုမတ်လအထိ တနင်္သာရီတိုင်းထဲက ဘယ်ဒေသတွေမှာ စစ်ဘေးရှောင်အခြေအနေ ဖြစ်ပေါ်နေလဲ၊ လူဦးရေနဲ့တကွ ဆရာတို့မှတ်တမ်းပြုစုထားတာရှိရင် ပြောပြပေးပါ။
ဖြေ။ မတ်လအတွင်းမှာ ထားဝယ်ခရိုင်အတွင်းက သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကတော့ စစ်ရေးအရ အပြင်းထန်ဆုံးသော ဒေသတွေဖြစ် နေတာကို တွေ့ရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတယ်ဆိုတာထက် လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုအကြိမ်ရေတွေ ယခင်ကထက် ပိုများလာတာကိုလည်း တွေ့ရတယ်။ စစ်ဘေးရှောင်ဦး ရေကတော့ မြေပြင်အခြေအနေတွေအရ အတိအကျသိရဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ တနင်္သာရီဒေသတစ်ခုလုံး အတိုင်းအတာအနေနဲ့ဆိုရင်တော့ စစ်ဘေးရှောင်ဦးရေ (၈) သောင်းခွဲဝန်းကျင်မှာ ရှိနေတယ်လို့တော့ ခန့်မှန်းရပါတယ်။

မေး။ စစ်ရှောင်တွေအနေနဲ့ ဘယ်လိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိကခံစားကြရသလဲ။ ဘာတွေလိုအပ်နေလဲ။
ဖြေ။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အရပ်သားနေအိမ် အဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခံနေရတာတွေရှိတယ်။ အရပ်သား တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုတွေရှိတယ်။ လိုအပ်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ စတဲ့လိုအပ်တာတွေကို သယ်ယူဖို့အတွက် ကန့်သတ်ခံနေရတာတွေလည်း ရှိပါတယ်။ ဒါတွေက စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီး အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စစ်ကောင်စီတပ်ဘက်က ကျူးလွန်နေတာရှိပါတယ်။

မေး။ တနင်္သာရီတိုင်းထဲမှာ လမ်းတွေလည်း ခဏခဏပိတ်တယ်လို့ သတင်းတွေဖော်ပြကြတယ်ဆရာ၊ ဒါကရော စစ်ဘေးရှောင်တွေ ရိက္ခာရရှိဖို့ အားနည်းချက်ဖြစ်စေလားပေါ့နော် ဆရာဘယ်လိုမြင်လဲ။
ဖြေ။ ဟုတ်ပါတယ်။ စစ်ကောင်စီက အဓိကအားဖြင့်ကတော့ တော်လှန်ရေးနယ်မြေတွေကို ဖြတ်လေး ဖြတ်လုပ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ စစ်ရေးအရှိန်မြင့်မားနေချိန်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီစတာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာမျိုးတွေ ပြုလုပ်ပြီး သူတို့ရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးသယ်ယူတာကို စစ်ဆေးတွေ့ရှိပြီဆိုရင်လည်း ဖမ်းဆီးအရေးယူတာမျိုးတွေ မကြာခဏလုပ်လေ့ရှိပါတယ်။

မေး။ ရေကြောင်းလည်းပေါက်တဲ့ တနင်္သာရီရဲ့ စစ်ရှောင်အခြေအနေက အခြားနယ်မြေတွေနဲ့ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ။ တနင်္သာရီသည် ကမ်းရိုးတန်းဒေသဖြစ်တဲ့အလျောက် စစ်ကောင်စီအတွက်ကတော့ ရေကြောင်း ထိုးစစ်တွေနဲ့ပါ တော်လှန်ရေးတပ်တွေကိုရော ပြည်သူလူထုကိုပါ ဖိနှိပ်လို့ရတာသည် စစ်ကောင်စီ အတွက် အားသာချက်တစ်ခုဖြစ်နေတယ်ပေါ့နော်။ ဒေသရဲ့ ပထဝီအနေအထားအရ ကမ်းရိုးတန်း ဒေသဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့၊ အကူအညီ တွေရရှိဖို့ ပိုမိုခက်ခဲတဲ့ အခြေအနေတွေ ရှိနိုင်သလို ကမ်းရိုးတန်းဒေသဖြစ်နေခြင်းကကို စစ်ဘေးရှောင်ပြည်သူတွေအတွက် အခွင့်အလမ်းဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့လည်း တနင်္သာရီဒေသက စစ်ရှောင်တွေဟာ အခြားဒေသအချို့နဲ့ နှိုင်းယှဉ်ရင်တော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ပိုများတာမျိုးတော့ ရှိပါတယ်။

မေး။ အခု ပွင့်လင်းရာသီ ရောက်လာတော့ စစ်ရေးအခြေအနေ ပိုဆိုးလာဖို့ရှိမလား၊ ဆရာတို့အနေနဲ့ရော ဘာများသတိပြုပေးစေချင်လဲ။
ဖြေ။ အခုပွင့်လင်းရာသီမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုများလာတာ တွေ့ရပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း စခန်းသိမ်းတိုက်ပွဲတွေ အားစိုက်ပြီး ဖော်ဆောင်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့၊ ခရီးသွားလာကြဖို့ တိုက်တွန်းလိုပါတယ်။

မေး။ စစ်ရှောင်တွေအတွက် အများတောင်းဆိုနေတဲ့ နယ်စပ်ဖြတ်ကျော်အကူအညီတွေ ထိထိရောက်ရောက် မရှိသေးတာနဲ့ ပတ်သက်ပြီးတော့ရော ဆရာတို့အနေနဲ့ရော ဘာများပြောချင်လဲ။
ဖြေ။ ဒါကလည်း ကျနော်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေက အစဉ်တစိုက် တောင်းဆိုနေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို စစ်အစိုးရ ကနေပြီးတော့မှတစ်ဆင့် စီးဝင်ပြီး စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတာက မဖြစ်နိုင်သလောက်ပဲ။ ပြည်သူလူထုကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ဖို့အတွက် အထောက်အပံ့ ပိုဖြစ်စေတာသာ ဖြစ်ပါလိမ့်မယ်။ နယ်စပ်ဖြတ်ကျော်ပြီး ကူညီပေးတဲ့ ကူညီပေးမှုတွေကသာ စစ်ဘေးရှောင်ပြည်သူတွေဆီကို လိုအပ်တဲ့ အကူအညီတွေ ပိုပြီးထိထိရောက်ရောက် ဖြစ်စေမှာဖြစ်ပါတယ်။