မတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်သုံးဆီဝယ်ယူရသည့်အခြေအနေ တဖြည်းဖြည်းကျပ်တည်းလာခြင်းကြောင့် လူမှုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မော်တော်ယာဉ်အသုံးပြုသွားလာရေး အခက်အခဲ တွေ့ကြုံနေရကြောင်း ကရင်နှင့် ပဲခူးတိုင်းအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်ခြင်း၊ လိုင်စင်မဲ့ယာဉ်များအတွက် ဆီရောင်းချမှုကန့် သတ်ခြင်း၊ မှောင်ခိုဈေးကွက်တွင် အဆမတန်ဈေးပေး၍ ဆီဝယ်ယူနေရခြင်းတို့ကြောင့် မော်တော်ယာဉ် သွားလာရေးအခက်အခဲတွင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များလည်း ပါဝင်နေသည်ဟု ပြည်နယ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ ပြောပြချက်အရ သိရသည်။
“သူများလိုတန်းစီဆိုတော့ အရေးပေါ်လူနာနဲ့ ဘယ်လိုလုပ်သွားတန်းစီမှာလဲ။ ပြီးတော့ ကျနော်တို့က လိုင်စင်မဲ့ကားတွေသုံးတာများတယ်၊ အခုနောက်ပိုင်း ဆီဆိုင်တွေမှာ QR ကုတ်နဲ့မှတ်ပြီး လိုင်စင် မရှိရင်မရတော့ဘူး။ အဲဒါကြောင့် အပြင်မှာဈေးကြီးပေးပြီး ဆီဝယ်ဖြည့်နေရတယ်။” ဟု ဖာပွန်မြို့နယ်ရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်စက်သုံးဆီဈေးမှာ ဓာတ်ဆီတစ်လီတာလျှင် တစ်သောင်းနှင့်အထက်တွင် ရှိလာသည်။ ပြည်နယ်စစ်အုပ်စုကလည်း လိုင်စင်မဲ့ယာဉ်များကို ဆီမရောင်းပေးသည့်အပြင် ဖမ်းဆီးမှုပါလုပ်လာ၍ မှောင်ခိုဆီကိုသာ အားထားနေရခြင်းဖြစ်ကြောင်း လိုင်စင်မဲ့ယာဉ်အသုံးပြုသူများက ပြောသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးတွင် ကရင်ပြည်နယ်လောက် စက်သုံးဆီအ ကျပ်အတည်းမဖြစ်သေးသော်လည်း ရပ်ဝေးအထိသွားလာရန် ဆီဝယ်ယူရေးအခက်အခဲအပေါ် ထည့်တွက်စဉ်းစားစရာဖြစ်လာသည်ဟု တောင်ငူမြို့အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
၎င်းတာဝန်ရှိသူက “ရန်ကုန်သွားတုန်းကပဲ လိုင်စင်တွေ ဝှီးတက်တွေတောင်းတာရှိတယ်။ တောင်ငူက ဒီလောက်မကျပ်သေးဘူး။ နယ်ဘက်ကတော့ ပိုဆိုးတာပေါ့လေ။ ကျနော်တို့တွေလည်း အဝေးလမ်းကြောင်းတွေ ရှမ်းပြည်တို့ တောင်ပေါ်ဒေသတွေ သွားမယ်ဆိုရင်တော့ ဆီရနိုင်ချေ ရှိမရှိ စဉ်းစားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စက်သုံးဆီပြဿနာအပြင် ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့မှ စတင်လာသော စစ်အုပ်စု၏ စက်သုံးဆီ ချွေတာရေးညွှန်ကြားချက်တွင် ကျန်းမာရေးနှင့် နာရေးကိစ္စသုံး မော်တော်ယာဉ်များ သွားလာခွင့်အတွက် ခြွင်းချက်ပေးထားသည်။ သို့သော် လိုင်စင်မဲ့ယာဉ်အသုံးပြုမှုများသည့် ကရင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်အတွက် ဆီရောင်းမပေးခြင်းဖြင့် စစ်အုပ်စုက ကန့်သတ်ထားသည်။
ထို့ကြောင့် ထိုင်းနယ်စပ်ဘက်မှ ဆီတင်သွင်းမှုဖြစ်လာသလို ဆီမှောင်ခိုဈေးကွက်လည်း ကြီးထွားလာကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ လက်ရှိ ကရင်ပြည်နယ်တွင် ဒီဇယ်လောင်စာဆီ လိုသလောက်ဝယ်၍ရသော်လည်း ဓာတ်ဆီအခက်အခဲ အများဆုံးဖြစ်နေသည်။

















