Home သတင်း ကေအဲန်ယူနယ်မြေတွင် ၇၇ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ကေအဲန်ယူနယ်မြေတွင် ၇၇ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

186

မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပအိုဝ်းကျောင်းသားနှင့် လူငယ်ကွန်ကရက် (PSYC) မှ ဦးဆောင်ပြီး ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် သူရိယစန္ဒာ ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

သူရိယစန္ဒာ ပအိုဝ်းအမျိုးသားကျောင်း၌ ပညာသင်ကြားနေသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းဆင်းပွဲအပြင် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပူးတွဲ၍ ပွဲကျင်းပခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ တာဝန်ခံများက ပြောသည်။

အဆိုပါ အခမ်းအနားသို့ PSYC တာဝန်ရှိသူများနှင့် ကျောင်းသူ၊ ကျောင်းသားများအပြင် ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်လူငယ်နှင့် ဒေသခံအချို့တို့လည်း တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

“ပအိုဝ်းတော်လှန်ရေးကလည်း ကရင်နဲ့ ဆက်စပ်ပြီး ဖြစ်သွားတာ။ ဦးလှဖေဟာ တစ်ချိန်က ကေအဲန်ယူခေါင်းဆောင်၊ ဒါပေမဲ့ သူက သူ့ပအိုဝ်းတွေကို ကြည့်တဲ့အချိန် စိတ်ထိခိုက်သွားတယ်။ ဒါနဲ့ပဲ ပဒေသရာဇ်တော်လှန်ရေးလုပ်ပြီး ပအိုဝ်းတွေကို မြေတောင်မြှောက်ခဲ့တာ။ ဆက်လက်ပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ကြပါ။ ဒါမှ တိုးတက်ဖွံ့ဖြိုးတဲ့ လူမျိုးတစ်မျိုး ဖြစ်လာမယ်” ဟု ပဒိုစောသမိန်ထွန်းက အခမ်းအနားတွင် ပြောကြားသည်။

အစီအစဉ်အရ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၏ ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောဆိုခြင်းနှင့် ဂုဏ်ပြုတိုက်တွန်းစကား ပြောကြားခြင်းအပြင် ကျောင်းဆင်းလက်မှတ် ပေးအပ်ခြင်း အစီအစဉ်ကိုပါ တဆက်တည်း ပြုလုပ်သွားခြင်းဖြစ်သည်။

ပွဲတာဝန်ခံဖြစ်သူ PSYC အတွင်းရေးမှူး ခွန်ဆူးခမ်းက “ပအိုဝ်းအမျိုးသားရေးနဲ့ ပညာရေးက ခွဲခြားလို့မရဘူး။ ကျနော့်အနေနဲ့ကတော့ ပအိုဝ်းလူငယ်တွေကို ပညာတတ်စေချင်တယ်။ ဒီလိုမှ လူမျိုးသမိုင်းကို သိမယ်၊ အမြင်ကျယ်မယ်။ ပညာတတ်ဖြစ်တဲ့အပြင် ကိုယ့်ရဲ့စာပေ၊ ယဉ်ကျေးမှုကိုလည်း ဒီထက် ထွန်းကားအောင် လုပ်စေချင်တယ်” ဟု ပြောသည်။

ထို့အတူ သူရိယစန္ဒာကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများကလည်း (၇၇) ကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းရိုးရာ အကနှင့် တေးသီချင်း သီဆိုဖျော်ဖြေမှုကို ယနေ့ အခမ်းအနားတွင် ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

ကေအဲန်ယူနယ်မြေရှိ ပအိုဝ်းအမျိုးသားကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း တပေါင်းလပြည့်နေ့ ကျရောက်သော ပအိုဝ်းအမျိုးသားနေ့နှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပြီး ယခုနှစ်မှာ ဒုတိယအကြိမ်ဖြစ်သည်။

အလားတူ ပအိုဝ်းနိုင်ငံရေးနှင့် တော်လှန်ရေးဦးဆောင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပူးပေါင်းပြီး (၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ပြုလုပ်ကျင်းပခဲ့ကြောင်း PNFC က ကြေညာသည်။