Home သတင်း လေကြောင်းရန်ကြောင့် သေ့ဘော်ဘိုးစစ်ဘေးရှောင် သုံးဆတိုး

လေကြောင်းရန်ကြောင့် သေ့ဘော်ဘိုးစစ်ဘေးရှောင် သုံးဆတိုး

724

ဖေဖော်ဝါရီ (၁၈) ‌ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုးကျေးရွာရှိစစ်ရှောင်ဧရိယာသို့ လေကြောင်းရန်စိုးရိမ်မှုကြောင့် ယခုဖေဖော်ဝါရီလအတွင်း ဒေါနတောင်အရှေ့ တောင်ပေါ်ရွာနေဒေသခံများ စစ်ဘေးရှောင်ရောက်ရှိလာပြီး နဂိုထက် လူဦးရေ သုံးဆတိုးသွားကြောင်း စစ်ရှောင်အကူအညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့်‌‌‌‌‌‌‌‌‌ဇန်နဝါရီလကတည်းက စစ်အုပ်စု၏စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများကြောင့် ယခင် လူဦးရေ ၁,၀၀၀ ဝန်းကျင်သာရှိသည့် သေ့ဘော်ဘိုးစစ်ရှောင်နေရာသို့ တောင်ပေါ်ရွာ(၁၃)ရွာမှ ဒေသခံအစုလိုက်အပြုံလိုက် ထပ်တိုးစစ်ရှောင်လာကြရာ စုစုပေါင်းလူဦးရေ(၃,၀၀၀)ထပ်မနည်းရှိနေသည်ဟု သေ့ဘော်ဘိုးစစ်ရှောင်တာဝန်ခံက ပြောသည်။

“သေ့ဘောဘိုးမှာအရင်နေကြတာ အိမ်ထောင်စု (၂၉၆)စု၊ လူကတစ်ထောင်ကျော်ရှိတယ်။ အခုဒီလထဲတောင်ပေါ်ရွာတွေကဆင်းလာတာ အိမ်ထောင်စု (၇၅၀)ကျော်၊ လူက သုံးထောင်ကျော်ရှိလာတယ်။ ပိုလှူသမျှ တောင်ပေါ် စစ်ရှောင်မိသားစုတွေကို ဦးစားပေးဝေဖို့တော့ရှိပေမယ့် ရိက္ခာမလောက်ဘူး” ဟု ၎င်းတာဝန်ခံက ပြောသည်။

လက်ရှိအချိန်ထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဖလူး၊ မင်းလက်ပံနှင့် ဝေါလေမြိုင်မြို့ဘက်တွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများလည်း နေ့စဥ်မပြတ်ရှိသည်။

ထို့ကြောင့် တိုက်ပွဲနေရာနှင့်အနီးကပ်ရှိသည့် ထီးသဲဘလယ်၊‌ လော်ခေါ်နှင့် ပလောတပို့စစ်ရှောင်နေရာများတွင်လည်း စစ်ဘေးရှောင်ဦးရေတိုးနေသလို နေရာထိုင်ခင်းမလုံလောက်တော့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

မင်းလက်ပံဒေသခံစစ်ရှောင်က “ရှောင်‌‌လာနေကြတာနေ့တိုင်း၊ မိသားစုလိုက်တွေပါတယ်။ ပလောတပို့မှာ တဲအသစ်တွေအများကြီးဆောက်နေပေမယ့် မလောက်ဘူး။ တစ်ချို့လူတွေက သောင်ရင်းမြစ်ဘေးမှာ ကိုယ်ဟာကိုယ်ဖြစ်သလိုနေနေရတယ်။ ရိက္ခာကတော့မရတစ်ချက် ရတစ်ချက်ပဲ” ဟု ကေအိုင်စီကိုပြောသည်။

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာဘက်ကပစ်လိုက်သည့် ကျည်ဆန်နှင့်ဒရုန်းများ ထိုင်းနိုင်ငံနယ်စပ်နေရာအထိ ကျရောက်မှုရှိခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရှိထားသည်။ မြန်မာဘက်က စစ်ဘေးရှောင်များရှိရာအထိ လတ်တလော ကျည်မရောက်သေးသော်လည်း တိုက်ပွဲဆက်လက်ပြင်း‌‌‌‌‌‌‌‌‌ထန်နေခြင်းကြောင့် လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ သောင်ရင်းမြစ်ကြော၊ မြဝတီတောင်ဘက်မှစစ်ရှောင်နေရာ(၅)ခုအတွင်း သတိပေးပြောဆိုမှုများ ထွက်ပေါ်နေသည်။