ဖေဖော်ဝါရီီ (၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပန်းရောင်ကတ်ပါ အလုပ်အကိုင်နှင့်လက်တွေ့အလုပ်အကိုင် ကွဲလွဲမှုကြောင့် ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၀) ဝန််းကျင် ဖမ်းဆီး၊ ဒဏ်ငွေရိုက်ခံရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများထံမှ သိရသည်။
စီမံချက်ဖြင့် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးကြီးဝန်းကျင်ရှိ ပန်းဆိုင်တန်း၊ နတ်စင်လမ်း၊ အပေါ်ဈေးရုံ၊ ငါးဒိိုင်လမ်းနေရာများအပါအဝင် မဲဆောက်ဗီလာ၊ မယ်ပ၊ ဟုန်ဖိုင်ရပ်ကွက်နှင့် အစ္စလာမ်ကျောင်းကြီးလမ်းနေရာများကို ပြီးခဲ့သည့်တစ်ပတ်လုံးဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“မြန်မာဈေးဆိိုင်တွေအဓိကစစ်တာ၊ ပန်းရောင်ကတ်မှာပါတဲ့အလုပ်နဲ့တကယ်လုပ်နေတဲ့အလုပ် ကွဲလွဲနေတာကိုအဓိကဖမ်းတယ်။ တစ်ပတ်ထဲ အယောက်(၅၀)လောက်ဖမ်းပြီးဒဏ်ငွေရိုက်ခံရတာရှိတယ်။ ထိုင်းသူဌေးအာမခံနဲ့ပြန်ရွေးရတယ်” ဟု အလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့နှင့်နီးစပ်ရာ မဲဆောက်မြို့နေထိုင်သူက ပြောသည်။
ဖမ်းဆီးခံရသူများအား တစ်ဦးလျှင် ဘတ်ငွေ(၁၂,၀၀၀) မှ (၁၅,၀၀၀)အထိ မဲဆောက်ရဲစခန်းကဒဏ်ငွေရိုက်ခြင်းဖြစ်သည်။ ထို့အပြင် ထိုင်းသူဌေးအာမခံဖြင့် အချက်အလက်မှန်ကန်အောင်ပြုလုပ်ရန်၊ လုပ်ငန်းလုပ်ကိုင်ခွင့်အထောက်အထားပြုလုပ်ရန်၊ လုပ်ငန်းအခွန်ဆောင်ရန် တို့ကိုလည်း ထိုင်းအာဏာပိုင်များက သတိပေးပြောဆိုလိုက်ကြောင်း ဒဏ်ငွေဆောင်ပြီးပြန်လွတ်လာသူအချို့ထံမှ သိရသည်။
မဲဆောက်ဈေးကြီးတွင် အသားငါးရောင်းချသူ အမျိုးသမီးက “ကျမမှာပန်းရောက်ကတ်ရော၊ CI ရောအစုံရှိိတယ်။ အလုပ်ပါမစ်မှာအိမ်အကူလို့ပြထားပြီီးအထောက်အထားလွဲနေလို့ ဒဏ်ရိုက်ခံရတာ။ ကတ်လုပ်ပေးတဲ့သူဌေးရုံးကိုဆက်သွယ်ပြီး အာမခံနဲ့ဘတ်တစ်သောင်းနှစ်ထောင် ဆောင်ခဲ့ရတယ်” ဟု ကေအိုင်စီကိုပြောသည်။

ဒဏ်ငွေမဆောင်နိုင်သူအချို့အား ထိုင်းအာဏာပိုင်များက မဲဆောက်ရဲစခန်း၊ အချုပ်ဆောင်၌ထိန်းသိမ်းထားခဲ့ပြီး ဒဏ်ငွေပေးဆောင်ပြီီးမှပြန်လွှတ်ပေးလိုက်သည်ဟုလည်း ထိုင်းရောက်မြန်မာအလုပ်သမားအသိုင်းအဝိုင်းက ဆိုသည်။
နောက်ထပ် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးက “ကျနော်ကပစ္စည်းပို့တဲ့အလုပ်လုပ်တာ။ ဘတ်မှာတော့စိုက်ပျိုးရေးလို့ရေးထားတယ်။ အချုပ်ထဲမှာကျနော် ၂ရက်လောက်နေခဲ့ရတယ်။ ဒဏ်ငွေဆောင်ရမဲ့ပိုက်ဆံမပြည့်လို့ အိမ်ကမိသားစုကရှာကြံပြီးပြန်လိုက်ရွေးရတယ်။” ဟု ပြောသည်။
ထို့အပြင် မဲဆောက်ထိုင်းအာဏာပိုင်များနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်များ ပြောပြချက်အရ ပန်းရောင်ကတ်ပါအလုပ်အကိုင်နှင့်လက်တွေ့အလုပ်အကိုင်ကွဲလွဲမှုအပြင် အထောက်အထားမဲ့နေထိုင် အလုပ်လုပ်ကိုင်သူများကိုပါ အာဏာပိုင်များက ယခုဖေဖော်ဝါရီလကုန်အထိ စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
အစစ်အဆေးများကြောင့် အထောက်အထားအပြည့်ကိုင်ဆောင်သူများလွဲ၍ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ မြန်မာနိုင်ငံသားများလုပ်ကိုင်နေသည့် ဈေးရောင်းဈေးဝယ်နှင့်စားသောက်ဆိုင်လုပ်ငန်းအများစု ပိတ်သိမ်းထားရသည်။



















