Home သတင်း သထုံခရိုင်တွင် လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၉ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

သထုံခရိုင်တွင် လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၉ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

380
Photo: CJ

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်အုပ်စုက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ကြီးကျည်စ ထိမှန်၍ နှစ်လအတွင်း အရပ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်း၌ ဖော်ပြထားသည်။

တပ်မဟာ (၁) နယ်မြေ/ဒူးသထူခရိုင်၊ ကျိုက်ထို၊ သထုံ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ကျေးရွာ အတွင်းသို့ လက်နက်ကြီး အလုံးရေ စုစုပေါင်း ၃၆ လုံးအထိ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ခရိုင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသူများထဲတွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး၊ ၂၀ နှစ်ကျော် နှစ်ဦးနှင့် ၆၀ ကျော် တစ်ဦး ပါဝင်သလို ဒဏ်ရာရရှိသူများထဲတွင် အသက် ၉ နှစ်အရွယ်နှင့် လသားအရွယ် တစ်ဦး ပါဝင်ကြောင်း သထုံခရိုင်က ပြောသည်။

အဆိုပါ မြို့နယ် ၄ ခုအတွင်းရှိ ကျေးရွာများတွင် နှစ်လအတွင်း နေအိမ် ၁၃ လုံးနှင့် ဘုန်းကြီးကျောင်း ၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံများ မွေးမြူထားသည့် နွားတစ်ကောင်ပါ သေဆုံးခဲ့သည်ဟု ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သထုံခရိုင်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကို စစ်အုပ်စုတပ် အမှတ်-၄၄၊ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ (ခမရ-၂) ခြေမြန်တပ်ရင်း၊ အမြောက်တပ်-၃၁၄၊ ခြေမြန်တပ်ရင်း (ခမရ-၉) နှင့် အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့ ဖြစ်သည်ဟု ခရိုင်က ထုတ်ပြန်ထားသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ် ငှက်ပျောတော၊ အလူးကြီး၊ ဖိုးဝသိမ်၊ ခရွဲနှင့် သထုံမြို့နယ် ရွှေရောင်ပြ၊ ချောင်းစောင့်၊ မိချောင်းအိုင်နှင့် ရေဝေ စသည့်ကျေးရွာများ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

၎င်းအပြင် ဒေသအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စစ်တပ်၏ လေးကေစခန်း၊ ဝင်းတာပန်စခန်းနှင့် ဂိတ်စခန်းငယ်များကို ဒရုန်းဗုံး ပစ်ခတ်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နှစ်လအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်ဘက်မှ ၃၃ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

KNLA နှင့် မဟာမိတ်တပ်များ ပူးပေါင်းစစ်ရေး လှုပ်ရှားသည့် တပ်မဟာ (၁) နယ်မြေ၊ ဒူးသထူခရိုင်တွင် ၂၀၂၅ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ (၁၅၀,၀၀၀) နီးပါး ရှိနေသည်ဟု ကေအဲန်ယူနှင့် စစ်ဘေးရှောင်ကူညီသူ သတင်းအရင်းအမြစ်များထံမှ သိရသည်။