Home သတင်း လူသောမြို့နယ်တွင် လေယာဥ်ဗုံးကြဲမှုကြောင့် အသက်မပြည့်သေးသောကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

လူသောမြို့နယ်တွင် လေယာဥ်ဗုံးကြဲမှုကြောင့် အသက်မပြည့်သေးသောကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

409
Photo: CJ

ဖေဖော်ဝါရီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ သေးမီဒဲကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီလ(၇)ရက်နေ့က စစ်အုပ်စုမှ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်(၁၆)နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီးသွားကြောင်း တပ်မဟာ(၅)ကေအဲန်ယူနှင့်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။

ထိုနေ့၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအကြားတွင် စစ်အုပ်စုကလေယာဥ်ဖြင့်ဗုံးကြဲချခဲ့ဖြစ်ပြီး ရွာသားစိုက်ပျိုးလုပ်ကိုင်ရာနေရာနှင့် ဈေးဆိုင်နေရာတို့၌ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အသက်မပြည့်သေးသည့်ကလေးတစ်ဦး ခြေထောက်တွင်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့ကပြောသည်။

“တိုက်ပွဲမရှိဘူးလေ အဲဒီရွာမှာ၊ အဲဒါသူတို့လာပစ်တာပဲ။ မနေ့ကလူသောမှာလာပစ်တာ နေရာနှစ်နေရာ၊ သူများစိုက်ပျိုးရေးလုပ်စားတဲ့နေရာနဲ့ဈေးတည်ရောင်းတဲ့နေရာ နှစ်နေရာပေါ့။ ဆယ်နှစ်ကျော်ကလေးတစ်ယောက်ထိတယ်၊ သူ့ခြေသလုံးနဲ့ခြေဖဝါးမှာသွားထိတယ်” ဟု တပ်မဟာ(၅)ပြောခွင့်ရသူက ဆိုသည်။

ဒေသတွင်းသတင်းအရင်းအမြစ်များပြောပြချက်အရ လူသောမြို့နယ်အတွင်း တိုက်ပွဲမရှိသော်လည်း ကေအဲန်ယူ မူတြော်ခရိုင်နယ်မြေတွင်းရှိ စစ်အုပ်စုအခြေချ ဖာပွန်စစ်ဗျူဟာကုန်း၌ ဖေဖော်ဝါရီ(၅)ရက်မှစ၍ တိုက်ပွဲအရှိန်ရနေပြီး လေကြောင်းပစ်ကူဆက်တိုက်ပေးလျက်ရှိကြောင်း သိရသည်။

သို့သော် တိုက်ပွဲနေရာနှင့်လှမ်းပြီး စစ်ရေးပစ်မှတ်လည်းမဟုတ်သည့် သေးမီဒဲရွာအုပ်စုအတွင်း စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူထိခိုက်မှုအပြင် ပြည်သူပိုင်နေအိမ်(၆)လုံးလည်း ထိမှန်ပျက်စီးသွားသည်ဟု နယ်ခံကရင်သတင်းအရင်းအမြစ်က ပြောသည်။

အာဏာသိမ်းကာလတစ်လျှောက် မူတြော်ခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ၏ကြိုးပမ်းမှုကြောင့် စစ်အုပ်စုတပ်စခန်းထက်ဝက်ကျော်ဆုံးရှုံးထားပြီး လူသောမြို့နယ် လော်မူပလော၊ စော်မူပလောစသည့်နေရာများတွင် စစ်အုပ်စုစခန်းအများဆုံးကျန်ရှိသည်။

သို့ရာ၌ KNLA မဟာမိတ်တပ်ကပိတ်ဆို့ဖြတ်တောက်မှုကြောင့် မြေပြင်စစ်ကူမပေးနိုင်သည့်အခြေအနေတွင် စစ်အုပ်စုသည် လေကြောင်းဖြင့်ရိက္ခာထောက်ပံ့နေရသလို ဒေသခံနေထိုင်သည့်ကျေးရွာများကိုပါ မကြာခဏတိုက်ခိုက်သွားလေ့ရှိကြောင်း တပ်မဟာ(၅) KNLA က ဆိုသည်။