Home သတင်း လက်နက်ကြီးထိမှန်၍ သံတောင်ကြီးဒေသခံကလေးမိခင် ပွဲချင်းပြီးသေဆုံး

လက်နက်ကြီးထိမှန်၍ သံတောင်ကြီးဒေသခံကလေးမိခင် ပွဲချင်းပြီးသေဆုံး

517
Photo: CJ

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါဖာခို(သံတောင်)မြို့နယ်နေ အသက်(၃၈)နှစ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦး ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၃)ရက်နေ့က လက်နက်ကြီးထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကေအဲန်ယူက ယနေ့သတင်းထုတ်ပြန်သည်။

လိပ်သိုမြို့နယ်ခွဲ ထုံးဘိုကြီးရွာအခြေစိုက်စစ်အုပ်စုတပ်စခန်းမှ ဖေဖော်ဝါရီ(၃)ရက်နေ့မနက်ပိုင်းက ဖိုးဝါးချောင်းကျေးရွာသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် နော်နီကမွီးဆိုသူ ကလေးနှစ်ယောက်မိခင်မှာ နေရာတွင်ပင် ကျည်စထိမှန်ဒဏ်ရာဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးကာလတစ်လျှောက် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် နယ်မြေအခြေချတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်ခြင်းများကို တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လုပ်ဆောင်မှုရှိခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုလည်းမနည်းရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရှိထားသည်။

ထို့အပြင် အများပြည်သူအသွားအလာလုပ်ရသည့် အချက်အချာကျလမ်းမကြီးများနှင့် လမ်းပိုင်းတချို့၌ ဂိတ်ချတပ်စွဲထားသော စစ်အုပ်စုတပ်ဖွဲ့များက နယ်ခံလူထုအပါအဝင် ခရီးသွားလာသူများကို မကြာခဏဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့လုပ်ဆောင်မှုရှိခဲ့ကြောင်း ကေအဲန်ယူနှင့်ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၉)ရက်နေ့ကလည်း (ထောတထူ)ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာတွင် စစ်အုပ်စုမှ ပေါင်(၅၀၀)ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားသောကြောင့် အရပ်သားအမျိုးသမီး(၂)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ဇန်နဝါရီ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Photo: KNU