Home သတင်း မြန်မာဘက်သို့ ထုတ်လွှတ်နေသည့် တာဝါတိုင်စခန်းတစ်ခု ထိုင်းအာဏာပိုင်များ ဖော်ထုတ်သိမ်းယူ

မြန်မာဘက်သို့ ထုတ်လွှတ်နေသည့် တာဝါတိုင်စခန်းတစ်ခု ထိုင်းအာဏာပိုင်များ ဖော်ထုတ်သိမ်းယူ

334
Photo: Kanchaburi News

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း၌ မြန်မာနိုင်ငံဘက်ခြမ်းသို့ အချက်ပြထုတ်လွှတ်နေသည့် တာဝါတိုင်စခန်းတစ်ခုကို ထိုင်းအာဏာပိုင်များက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖော်ထုတ်သိမ်းယူခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ခွင့်ပြုချက်မရှိသည့် လိုင်စင်မဲ့ မိုဘိုင်းတာဝါတိုင်စခန်းတစ်ခုမှ မြန်မာပြည်ဘက်သို့ အချက်ပြ ထုတ်လွှတ်နေသည့်အတွက် ထိုင်းလုံခြုံရေးစစ်တပ်၊ အမျိုးသားရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) နှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက သွားရောက်စစ်ဆေး ဖမ်းဆီးသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါ ဖုန်းလိုင်းထုတ်လွှတ်သည့်တာဝါတိုင်စခန်းမှ အင်တာနက်စက် (၄) ခု၊ အဝေးထိန်းရေဒီယိုစနစ် (၆) ခု၊ အသုံးပြုသည့် ဘက်ထရီ (၃) လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်လှစ်နိုင်ရန် ကန်ချနဘူရီရဲစခန်းသို့ အပ်နှံထားသည်ဟု Kanchanaburi News တွင် ရေးသားထားသည်။

Photo: Kanchaburi News

လက်ရှိအချိန်တွင် ဆက်သွယ်ရေးအသုံးပြုသည့် ပစ္စည်းများကိုသာ ဖမ်းဆီးရရှိထားပြီး ဆက်စပ် ပတ်သက်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ အဆိုပါ မိုဘိုင်းတာဝါတိုင်စခန်း ဖမ်းဆီးရမိသည့်နေရာသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် နီးကပ်သော်လည်း လက်ရှိတွင် ဘုရားသုံးဆူမြို့အတွင်း ထိုင်းဖုန်းလိုင်းများ အသုံးပြု၍မရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နိုင်ငံတကာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ တိုက်ဖျက်ရန်ဆိုကာ ဘုရားသုံးဆူမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံဘက်မှ ပေးပို့ထားသည့် လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက် ဝန်ဆောင်မှုအားလုံးကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လမှ စတင်ကာ ဖြတ်တောက်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့အနီး၌ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည်ဟု ယူဆရသည့် အဆောက်အအုံသစ် အများအပြား နေ့စဉ်တိုးပွားလာနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။