Home သတင်း မူး(မုန်း)တွင် စစ်အုပ်တပ်ပစ်ခတ်မှုကြောင့် ၉ နှစ်သားကလေးအပါအဝင် အရပ်သား (၃) ဦး သေဆုံး၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မူး(မုန်း)တွင် စစ်အုပ်တပ်ပစ်ခတ်မှုကြောင့် ၉ နှစ်သားကလေးအပါအဝင် အရပ်သား (၃) ဦး သေဆုံး၊ လူနေအိမ် ၁၇ လုံး ပျက်စီး

301
Photo: KNU

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေး ငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေယာဉ်များဖြင့် အရပ်သားပြည်သူ လူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စား သောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်နှင့် ၄ ရက်နေ့တို့တွင် အာဏာသိမ်းစစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၄၃၉) မှ ခင်ကြီးကျေးရွာ၊ လှေဒုံးကျေးရွာနှင့် ငတိုးခင် ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ခင်ကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ် (၁၃) လုံး ထိမှန်ပျက်စီးခဲ့ပြီး ရွာသူရွာသား ၂ ဦး သေဆုံးခဲ့သည်။

Photo: KNU

အဆိုပါ ကျည်ထိမှန် သေဆုံးသူများမှာ ခင်ကြီးကျေးရွာနေ ဒေါ်ထွေးရီသန်း (၅၅) နှစ်နှင့် မောင်မျိုး (၅၈) နှစ်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်တွင် တောင်ငူလေတပ်မှ စောခီးကျေးရွာအတွင်းသို့ လေ ယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချခဲ့သောကြောင့် စောကလဲမူသော (၉) နှစ် ထိမှန်သေဆုံးခဲ့ရသည်။ ညနေ ၄ နာရီခန့်တွင်လည်း ခြေလျင်တပ်ရင်း (ခလရ-၆၀) မှ ငထွေစုတ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးနှင့် ၁၂၀ မမ လက်နက်ကြီးများပစ်ခတ်မှုကြောင့် စောတာနေသား (၁၄) နှစ် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ရသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင်လည်း အထက်ပါ ခမရ-၄၃၉ တပ်ရင်းကပင် မျက်နီကွင်းကျေးရွာထဲသို့ ဒရုန်းဖြင့် ဗုံးသီး ကြဲချမှုကြောင့် လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။