ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း နွေရာသီ အပူချိန် မြင့်တက်လာမှုကြောင့် ခန္ဓာကိုယ်၏ ခံနိုင်ရည်ရှိသည့် အဆင့်ကို ကျော်လွန်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အပူလျှပ်ခြင်း (Heatstroke) ဘေးအန္တရာယ်ကို သတိပြုကြရန် ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) က ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။
ယခုရက်ပိုင်းအတွင်း ဘန်ကောက်မြို့၏ အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေပြီး အဆိုပါ အခြေအနေသည် သာမန် မောပန်းရုံသာမက ခန္ဓာကိုယ်၏ အပူချိန်ထိန်းခြင်းစနစ်ကို ထိခိုက်စေရာ ရုတ်တရက် အသက်ဆုံးရှုံးနိုင်သည့် အခြေအနေဖြစ်ကြောင်း BMA က ဆိုသည်။
အဆိုပါ အပူဒဏ်ကြောင့် အထူးသဖြင့် ကိုယ်ခံအားနည်းသည့် ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအပြင် ပြင်ပနေရာများတွင် အလုပ်လုပ် ကိုင်နေရ သည့် အလုပ်သမားများအနေဖြင့် အဆိုးရွားဆုံး ခံစားရနိုင်ကြောင်း BMA က ထောက်ပြထားသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “အခုရက်ပိုင်း နေက တော်တော်ပူတယ်။ အပြင်မှာ အလုပ်လုပ်ရတဲ့သူတွေဆိုရင် ခေါင်းမူးတာ၊ ရင်တုန်တာတွေ ဖြစ်လာတယ်။ အာဏာပိုင်တွေကတော့ သတိပေးတာတွေ လုပ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မြို့နေပြည်သူများအနေဖြင့် နေပူရှိန်အပြင်းဆုံးဖြစ်သည့် နေ့လယ် ၁၂ နာရီမှ ၃ နာရီအတွင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်၊ ရေကို ပုံမှန်ထက်ပို၍ နာရီဝက်တစ်ခါ သောက် ပေးရန်၊ ပေါ့ပါးသည့် အရောင်ဖျော့ဖျော့ ချည်ထည်များ ဝတ်ဆင်ရန်နှင့် အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ မဖြစ်မနေ အသုံးပြုရန်လည်း တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း အပူချိန်စံချိန်တင် မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း မိမိတို့၏ ကျန်းမာရေးကို အထူးသတိပြုကြရန် လိုအပ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။



















