ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့မှ ကော့ကရိတ်ဘက်သွားသည့်လမ်းမကြီးပေါ်ရှိ နောင်လုံအပါအဝင် ကျေးရွာ(၃)ရွာထက်မနည်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစပြီး စစ်အုပ်စု ဝင်ရောက်တပ်စွဲမှုများလာသဖြင့် စစ်ဘေးအန္တရာယ်ကျရောက်မည့်အရေး စိုးရိမ်မှုမြင့်တက်နေကြောင်း ရွာခံလူထုပြောပြချက်အရ သိရသည်။
ကျေးရွာတာဝန်ရှိသူများထံကြိုတင်အသိပေးမှုမရှိဘဲ စစ်အုပ်စုက အင်အား(၃၀)ဝန်းကျင်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များအပါအဝင် မိသားစုဝင်ဟုယူဆရသူများကိုပါခေါ်ဆောင်ပြီး စစ်သုံးမော်တော်ယာဥ်များဖြင့် ထိုရွာများသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇန်နဝါရီလကုန်မှယနေ့ထက်ထိ ရွာရှိဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်တပ်စွဲနေသည်မှာ တစ်ပတ်ကျော်ကြာရှိသည်ဟု ဒေသခံများကပြောသည်။
“ကျမတို့ ရွာဘုန်းကြီးကျောင်းမှာတော့ သူတို့မိန်းမရောကလေးရော ပါလာတယ်။ ခိုးပြေးလာတာလား၊ ဘာတွေလဲမသိဘူး။ လူတွေကြားမှာအခုလိုမျိုးလာနေတော့ ဒီဘက်လည်း ကော့ကရိတ်၊ ကျုံဒိုးတို့လိုဖြစ်သွားမှာစိတ်ပူတယ်။ လူထုကြားမှာနေနေကြရင်းနဲ့ အချင်းချင်းပဲပြန်လုပ်ကြတာ၊ ရွာမှာလည်းအဲ့လိုဖြစ်သွားမှာစိုးတယ်” ဟု အမည်မဖော်လိုသူ ရွာခံအမျိုးသမီးကပြောသည်။
ထို့အပြင် စစ်အုပ်စုဝင်နေရာယူထားခြင်းကြောင့် ရွာတချို့၌ ယခင်ကတည်းကရှိနေသော ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များ ရွာမှထွက်ခွာသွားခြင်းမျိုးလည်းရှိသည်ဟု ရပ်ရွာနေထိုင်သူအချို့ထံမှ သိရသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “တစ်ခေါက်ပြန်သွားသေးတယ် နောက်ပြန်ရောက်လာတော့လူဦးရေတိုးလာတာပဲ။ ဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင်အောက်လို နေရာတွေမှာနေနေကြတယ်။ နေ့ဘက်ဆိုကျောင်းဝင်းထဲမှာမရှိဘူး၊ ညဘက်မှပြန်လာနေကြတာ။ သူတို့ရှိတော့ လူတွေလည်း ကျောင်းဝင်းထဲအသွားအလာသိပ်မလုပ်ရဲကြတော့ဘူး။ အကြောင်းအရင်းလည်းမသိရတော့လေ” ဟု ကေအိုင်စီကိုပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းကတည်းက မွန်ပြည်နယ် သထုံမှ ကရင်ပြည်နယ် ဖားအံလမ်းအတိုင်း တင့်ကား၊ သံချပ်ကာကား၊ ခြောက်ဘီးကားများဖြင့် လက်နက်၊လူသူအင်အား ပါဝင်သည့် စစ်အုပ်စုယာဥ်တန်းများ ဝင်ရောက်လာကြခြင်းဖြစ်ပြီး မွန်၊ကရင်ရှိ ၎င်းတို့စစ်အုပ်စုတပ်ရင်း၊ တပ်စခန်းများသို့အင်အားဖြန့်ကျက်ထားကြောင်း စစ်ရေးနှင့်ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရှိထားသည်။
ကရင်ဘက်ဝင်လာသည့်စစ်ယာဥ်တန်း၌ လမ်းတံတားပြင်ယာဥ်များအတူပါလာသဖြင့် ကော့ကရိတ်အာရှလမ်းပြန်ဖွင့်နိုင်ရန် ဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များမှ ပြောဆိုနေကြသလို တပ်ဖွဲ့ဝင်အပြည့်ပါသည့်အချို့ယာဥ်တန်းမှာလည်း လတ်တလော မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်နေရာများကို စစ်ကြောင်းထိုးဖောက်ရန်ကြိုးပမ်းနေသည်။



















