Home သတင်း ဖားအံမြို့တွင် လိုင်စင်မဲ့ယာဥ်ထပ်ဖမ်း၊ ထိုင်းကုန်စည်သယ်ဆောင်မှုများ စစ်ဆေးနေ

ဖားအံမြို့တွင် လိုင်စင်မဲ့ယာဥ်ထပ်ဖမ်း၊ ထိုင်းကုန်စည်သယ်ဆောင်မှုများ စစ်ဆေးနေ

484

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးမှုကို ထပ်မံလုပ်ဆောင်နေပြီး တရားမဝင်ထိုင်းကုန်ပစ္စည်းသယ်ဆောင်မှုကိုပါ စစ်ဆေးနေကြောင်း မြို့ခံများပြောပြချက်အရသိရသည်။

ဖားအံမြို့တွင် ပြီးခဲ့သည့် ၂၀၂၅၊ ဒုတိယနှစ်ဝက်အတွင်း စစ်အုပ်စုက အရပ်သားပိုင် လိုင်စင်လျှောက်မထားသော မော်တော်ယာဥ်များကိုဖမ်းဆီး ငွေတောင်းခံခြင်းပြုလုပ်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း (၃)လစီမံချက်ဖြင့် အာဏာသိမ်းစစ်အုပ်စု၏ နေပြည်တော်အစိုးရအဖွဲ့သက်ဆိုင်သူများကိုယ်တိုင် ဖားအံသို့ဆင်းလာပြီး ထပ်မံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းကဆိုသည်။

“နေပြည်တော်ကလာစစ်တာ။ တစ်နေ့ကို တစ်နေရာစီပြောင်းပြီးစစ်ဆေးမှုတွေလုပ်တယ်” ဟု ဖားအံမြို့ပေါ်နေထိုင်သူ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် နယ်စပ်မှပြည်တွင်းသို့ တရားမဝင်သယ်ဆောင်လာသည့် ထိုင်းကုန်စည်ပစ္စည်းများကိုလည်း သံလွင်တံတားဂိတ်နေရာ၌ စစ်အုပ်စုကစစ်ဆေးရေးတင်းကြပ်ထားသည်။

Photo: CJ

ဖားအံမြို့ခံအမျိုးသမီးတစ်ဦးက “ထိုင်းကုန်ပစ္စည်းတွေအကုန်လုံး သံလွင်တံတား ရောက်ရင်အကုန်ချထားရတယ်။ ပြီးတော့ ဆိုင်တွေထဲအထိဝင်စစ်မယ်ပြောသံကြားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဆယ်နှစ်နှစ်သုံးခုကျော်ကြာ အိမ်နီးချင်းနိုင်ငံမှလိုင်စင်မဲ့ယာဥ်များတင်သွင်းမှုရှိခဲ့သည့် ဖားအံမြို့တွင် စစ်အုပ်စုသတ်မှတ်ထားသည့် အခွန်နှုန်းမြင့်လိုင်စင်ကြေးကြောင့် မြို့တွင်းမြို့ပြင်သွားလာရာတွင် လိုင်စင်မဲ့မော်တော်ယာဥ်အသုံးပြုသူအများအပြားဖြစ်သည်။

ပြီးခဲ့သည့်နှစ် လိုင်စင်မဲ့ယာဥ်ဖမ်းဆီးရာတွင်မူ စစ်အုပ်စုက မြို့ခံနှင့်ရွာသားများကိုအဓိကထား ဖမ်းဆီးငွေတောင်းခြင်းဖြစ်ပြီး ၎င်းတို့စစ်အုပ်စုနှင့်ဆက်နွယ်သူများကိုမူ ကင်းလွတ်ခွင့်ပြုခဲ့သည်ဟု မြို့ခံများကပြောဆိုကြသည်။

လတ်တလောအဖမ်းအဆီးကြောင့် မြို့တွင်းလိုင်စင်မဲ့ယာဥ်သွားလာမှုကြဲသွားသလို ထိုင်းကုန်စည်သယ်ဆောင်မှုများလည်း ရပ်နားထားရသည်။