ဖေဖော်ဝါရီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်-BGF၊ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC တပ်ဖွဲ့ တို့ဖွင့်လှစ်၊ လုံခြုံရေးယူထားသည့် ကမ်းကူးဂိတ်များ၊ ရွာချင်းဆက်မြို့ချင်းဆက်ဂိတ်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁)ရက်နေ့ကစပြီး လိုက်လံပိတ်ပင်မှု ပြည်နယ်စစ်အုပ်စုကလုပ်ဆောင်နေကြောင်း ကရင်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။
စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့နီးစပ်သူပြောပြချက်အရ တရားဝင်ခွင့်ပြုမထားဘဲ ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များလုပ်ကိုင်နေသည့်ကိစ္စများကို ဖြေရှင်းရန် ဖားအံမြို့အခြေစိုက် တပ်မ(၂၂)တပ်မမှူးထံ ပြီးခဲ့သည့်ဇန်နဝါရီလပတ်အစည်းအဝေး၌ တာဝန်ပေးထားပြီးနောက် ယခုလို ပိတ်ပင်မှုများဖြစ်လာသည်ဟု ဆိုသည်။
ဖားအံမြို့နယ်အတွင်း ဖေဖော်ဝါရီ(၁)ရက်မှစ၍ DKBA ခွဲထွက် ဗိုလ်ဘိ၊ BGF ဗိုလ်ဝင်းနိုင်စိန်၊ ဗိုလ်မှုးသိန်းဇော်မင်းလက်အောက်ခံ တပ်ဖွဲ့များ၏သံလွင်မြစ်ကူးလှေဆိပ်၊ ကုန်စည် သယ်ဆောင်ကမ်းကူးပေးသည့်ဂိတ်များ စစ်အုပ်စုညွှန်ကြားချက်ဖြင့်ပိတ်လိုက်ရကြောင်း သံလွင်အရှေ့ဘက်ကမ်းရှိမိဇံရွာခံအချို့ထံမှသိရသည်။
“ရွာသားကမ်းကူးတာတော့ပေးသွားတယ်၊ တောင်ပေါ်ကဆင်းလာတဲ့ကုန်ကားတွေ၊ ထိုင်းပစ္စည်းသယ်လာတဲ့ကားတွေကို ဝတ်ကြီး၊ မုက္ကဒိ၊ မြိုင်ကလေးဘက် ကမ်းကူးပေးလို့မရဘူး၊ အကုန်ဖမ်းမယ်တဲ့။ တစ်ချို့ကတော့လစ်ရင်လစ်သလို ကူးသွားကြတာရှိတယ်။ ရွာလမ်းတွေမှာလည်း စစ်တပ်တွေပတ်သွားနေတယ်။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ရွာခံတစ်ဦးကပြောသည်။
ထို့အပြင် သာမည၊ အိန္ဒု၊ ဇာသပြင်၊ ကျားကလေး၊ ထီလုံ၊ နဘူးရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် ဂိတ်ချ၍ ခရီးသွားမော်တော်ယာဥ်နှင့် ကုန်တင်မော်တော်ယာဥ်များအား ငွေကြေးတောင်းခံနေသည့် လက်နက်ကိုင်အဖွဲ့အစည်းဂိတ်တချို့လည်း စစ်အုပ်စုညွှန်ကြားချက်အရ ပိတ်သိမ်းထားရသည်ဟု ယာဥ်မောင်းများကဆိုသည်။
ဖားအံနှင့်မြဝတီ ခရီးသည်တင်မော်တော်ယာဥ်ပြေးဆွဲသူ တစ်ဦးက “လှာကမြှင်တို့ နောင်ပလိန်တို့ ဝင်းစိန်တို့၊ သာမညတို့ဘက်က ရွာဖြတ်ခကောက်တဲ့ BGF ဂိတ်၊ PC ဂိတ်တွေပိတ်ရပြီ။ ကျုံဒိုး၊ ကျားကလေး၊ ဇာသပြင်ဘက်က ပြည်သူ့စစ်ဂိတ်တွေလည်းအတူတူပဲ။ ရွာလုံခြုံရေးပဲလုပ်ရမယ် ဂိတ်ထောင်လို့မရတော့ဘူးလို့ကြားတယ်။” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြဝတီမြို့ဘက်ရှိ လက်နက်ကိုင်ကျောထောက်နောက်ခံဖြင့် ဖွင့်ထားသည့် လောင်းကစားရုံနှင့် အာဝါဒေးပွဲခင်းအချို့ကို မြို့တွင်းရောက်ရှိနေသည့် တပ်မ(၂၂)စစ်အုပ်စုတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းပြီးဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း မြဝတီသတင်းအရင်းအမြစ်မှသိရှိရသည်။
စစ်အုပ်စုတပ်မ(၂၂)တပ်မမှူးနှင့် မြဝတီမြို့လက်နက်ကိုင်အဖွဲ့ဆက်ဆံရေးရုံးတို့တွေ့ဆုံကြသည့် ဇန်နဝါရီ(၁၉)ရက်နေ့ ညွှန်ကြားစာအရ စစ်အုပ်စုက မြို့တွင်းရှိနေသည့်လက်နက်ကိုင်စာရင်းကိုတောင်းယူခဲ့သလို ကရင်ပြည်နယ်သို့လည်း စစ်လက်နက်၊ လူသူအင်အားအကြီးအကျယ်ဖြည့်တင်းခဲ့သည်။
အလားတူ ယခုလိုလက်နက်ကိုင်ဂိတ်နေရာများ ပိတ်လိုက်ရရုံမက ဖားအံမြို့ဝင်မြို့ထွက်စစ်အုပ်စုစစ်ဆေးရေးဂိတ်များတွင်လည်းကောင်း မြို့အတွင်းလှည့်လည်ခြင်း၊ ရှောင်တခင်သွားလာခြင်းဖြင့်လည်းကောင်း လိုင်စင်မဲ့ယာဥ်၊ အကောက်ခွန်မဲ့ကုန်တင်ယာဥ်များကို စစ်အုပ်စုကဖမ်းဆီးနေသည်။
ထို့အတူ ထိုင်းကုန်စည်သိုလှောင်သည့်ဂိုထောင်များနှင့် လက်လီ၊လက္ကား စားသောက်ကုန်အရောင်းဆိုင်ကြီးများကိုလည်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဖားအံမြို့ခံတို့ကဆိုသည်။



















