Home သတင်း ထိုင်းတွင် ခွေးရူးပြန်ပိုးများလာ၍ လက္ခဏာရှိခဲ့ဖူးသည့် တိရစ္ဆာန်များကို စားသုံးခြင်းမပြုရန် သတိပေးထုတ်ပြန်

ထိုင်းတွင် ခွေးရူးပြန်ပိုးများလာ၍ လက္ခဏာရှိခဲ့ဖူးသည့် တိရစ္ဆာန်များကို စားသုံးခြင်းမပြုရန် သတိပေးထုတ်ပြန်

261
Photo: Internet

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း ခွေးရူးပြန်ရောဂါပိုး တွေ့ရှိမှုများလာပြီး ယခင်က ခွေးရူးပြန်လက္ခဏာပြခဲ့ဖူးသည့် ကျွဲ၊ နွားများကို သတ်ဖြတ်စားသုံးခြင်း မပြုလုပ်ရန်အတွက် ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ခွေးရူးပြန်လက္ခဏာပြခဲ့ဖူးသည့် (သို့မဟုတ်) တိရစ္ဆာန်များကို သတ်ဖြတ်ကာ ချက်စားခြင်း၊ ကင်စားခြင်းများ မပြုလုပ်ရန်နှင့် အကြောင်းရင်းမရှိဘဲ သေဆုံးသည့် အိမ်မွေးတိရစ္ဆာန်များကို သွားရောက်ကိုင်တွယ်ခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဒေသအသီးသီးရှိ အိမ်မွေးတိရစ္ဆာန် ၅၃၂ ကောင်ကို စမ်းသပ်စစ်ဆေးရာ ခွေးရူးပြန်ပိုး ၅၀ ကောင်တွင် တွေ့ရှိရပြီး အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အများဆုံး တွေ့ရှိနေရသည်။ အထူးသဖြင့် ခွေးများတွင် ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး တွေ့ရှိရသည်ဟု ဝန်ကြီးချုပ်ရုံး ဒုတိယပြောရေးဆိုခွင့်ရှိသူ Miss Airin Phanrit က ပြောဆိုထားသည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၆ ခုနှစ်အတွင်း ရယောင်းပြည်နယ်ထဲ၌ ခွေးရူးပြန်ရောဂါ ကူးစက်ခံရသဖြင့် လူတစ်ဦး သေဆုံးမှုရှိနေကြောင်း ထိုအသိပေးထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ခွေး၊ ကြောင် အိမ်မွေးတိရစ္ဆာန်များ ကုတ်၊ ခြစ်၊ ကိုက်ခံရပါက ခွေးရူးပြန်ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံကုသမှုခံယူရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်။

၎င်းအပြင် အိမ်မွေးတိရစ္ဆာန်များကိုလည်း ကြည့်ရှုစောင့်ရှောက်ထားရန် လိုအပ်နေသလို ဖျားနာခြင်း၊ မှိုင်တွေခြင်း၊ ရန်လိုခြင်း၊ တံတွေးများထွက်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သည့် လက္ခဏာပြပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ထံ သို့မဟုတ် ပြည်သူ့ကျန်းမာရေးဌာနထံ အမြန်ဆုံး အကြောင်းကြားပြသရန်လည်း အသိပေးထားသည်။

ခွေး၊ ကြောင် အိမ်မွေးတိရစ္ဆာန်များကို နှစ်စဉ်ကာကွယ်ဆေး ထိုးနှံပေးရန်ကိုလည်း သတိပေးတိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်ပရပ်ကွက် (၆) ခုကို တစ်လကြာ ရောဂါထိန်းချုပ်ရန်အတွက် တိရစ္ဆာန် ကူးစက်ရောဂါဇုန်အဖြစ် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ် ထုတ်ပြန်ထားခဲ့ခြင်းရှိသည်။