Home သတင်း စစ်လက်နက်အကြွင်းအကျန်ကြောင့် ကမမောင်းတွင် ကလေးငယ်(၁)ဦးဒဏ်ရာရ

စစ်လက်နက်အကြွင်းအကျန်ကြောင့် ကမမောင်းတွင် ကလေးငယ်(၁)ဦးဒဏ်ရာရ

307
Photo: Kamamaung Rescue

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းမြို့ပေါ်နေ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၆)ရက်နေ့က စစ်လက်နက်အပိုင်းအစတစ်ခုကိုကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိသားစုနှင့်ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်၊ တံတားဦးကုန်းနေ စတုတ္ထတန်းကျောင်းသူမှာ ထိုနေ့ညနေ (၃) နာရီဝန်းကျင်က မပေါက်ကွဲသေးဘဲမြေတွင်ကျန်နေသည့် စစ်လက်နက်အကြွင်းအကျန်ကို ကောက်ယူဆော့ကစားနေရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်၏ ဝမ်းဗိုက်၊ ရင်ဘတ်၊ ခြေနှင့် လက်တို့တွင် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

“အဲ့နေ့က အတန်းတင်စာမေးပွဲပြီးတော့ ကလေးက အပေါင်းအသင်းတွေနဲ့ရွာထဲလိုက်ဆော့တာ။ ပစ္စည်းကိုတိပ်ပတ်ထားတော့ မသိဘဲကောက်လာကြတယ်။ အိမ်မှာဆော့နေတုန်းကွဲတာပဲ။ တစ်ကိုယ်လုံး အစတွေမှန်ကုန်တယ်။ ခြေထောက်၊ ပေါင်၊ ဗိုက်နဲ့ ရင်ညွန့်တွေမှာ အစဝင်တော့ခွဲရမယ်လို့သိရတယ်” ဟု မြို့ခံကယ်ဆယ်ရေးသမားက ပြောသည်။

ထိခိုက်ဒဏ်ရာအတွက် လူမှုကူညီဆောင်ရွက်ပေးသူသတင်းအရင်းအမြစ်ပြောပြချက်အရ မိုင်းဟု ယူဆရသည့်စစ်လက်နက်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရကလေးငယ်ကို ဖားအံမြို့‌၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ခွဲစိတ်ကုသမှုပေးထားရသည်ဟုလည်း ကလေးမိခင်က ဆိုသည်။
“အခုကဆေးရုံမှာပဲရှိသေးတယ်။ အခြေအနေကတော့စောင့်ကြည့်ရဦးမယ်။ ကလေးက အခုကြောက်စိတ်တွေ ရှိနေတယ်။ အိမ်ပြန်ရင်တောင် အရင်လိုအိမ်ပတ်ဝန်းကျင်နား ဆော့ရဲတော့မှာမဟုတ်ဘူး” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့၏စစ်လက်နက်ဖြစ်ကြောင်းမသိရသော်လည်း ပေါက်ကွဲမှုဖြစ်ပွားရာရပ်ကွက်အနီးတွင် စစ်အုပ်စုကင်းစခန်းတစ်ခုရှိကြောင်း ဒေသခံများကပြောသည်။ အများအားဖြင့် ကမမောင်း-ကတိုင်တိလမ်းပိုင်းပေါ်တွင် မိုင်းပေါက်ကွဲ၍ဒေသခံထိခိုက်ဒဏ်ရာရမှုအဖြစ်များပြီး ကမမောင်းမြို့ ပေါ်၌မူ လပိုင်းအတွင်း ထိခိုက်ဒဏ်ရာရရှိသူ(၄)ဦးခန့်ရှိခဲ့သည်ဟု မြို့ခံကယ်ဆယ်ရေးအဖွဲ့ပြောပြချက်အရ သိရသည်။

ကမမောင်းမြို့သည် စစ်အုပ်စုနှင့်ကရင်နယ်ခြား‌စောင့်တပ်-BGF အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ သွားလာလှုပ်ရှား‌မှုရှိသည့်နယ်မြေဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

မြေမြှုပ်မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်များကို လေ့လာစောင့်ကြည့်နေသည့် Landmine & Cluster Munition Monitor အဖွဲ့၏ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအရ စစ်အုပ်စုအာဏာသိမ်းထားသည့်ကာလတစ်လျှောက် မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံတွင်ထိခိုက်သေဆုံးသူ (၂,၀၀၀) ကျော်ရှိလာပြီဖြစ်သည်။