Home သတင်း ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်မည်ဟု KNU/KNLA-PC ပြော

ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်မည်ဟု KNU/KNLA-PC ပြော

338
Photo: KNU/KNLA-PC

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းလမ်း၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်နေ့) တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်ရှိ ၎င်းတို့၏ ဗဟိုဌာနချုပ်ရှိရာ ဝေနော် တယာ (ထို့ကော်ကိုး)၌ ကျင်းပပြုလုပ်ခဲ့သည့် သုံးရက်တာ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး အပြီးတွင် ယခုလို အဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဉ်နှင့် ရပ်တည်ချက်ကို အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စောကျော်ညွန့်က “ပြည်သူလူထုတွေ ကြုံတွေ့ခံစားနေရတဲ့ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချနိုင်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို အခုလို လုပ်ဆောင်တာ ဖြစ်တယ်။ ကျနော်တို့အားလုံးက တနေ့ကျရင် ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့က ပန်းတိုင်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNU/KNLA-PC

သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် PC ၏ မျက်နှာစုံညီအစည်းအဝေးသို့ ဗဟိုနှင့် စစ်ဦးစီးဌာနချုပ်မှ ခေါင်းဆောင်များ၊ ဗျူဟာ၊ တပ်ရင်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူအပါအဝင် စုစုပေါင်း (၃၄၀) ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေး၌ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်း၊ ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုတရားသူကြီးချုပ်တို့ကို အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကို ခန့်အပ် ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးအခြေစိုက် KNU/KNLA-PC အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရထံ သွားရောက် အပစ်အခတ်ရပ်စဲပြီး ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သီးခြားဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။