ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCတွင် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ သဘောတူ ထားသည့် နိုင်ငံရေးလမ်းပြမြေပုံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ-AFTA ရေးဆွဲရေးအဆင့်သို့ရောက်နေပြီး ရာခိုင်နှုန်း(၂၀)သာ ပြီးစီးရန်လိုကြောင်း NUCC ၏ ဇန်နဝါရီ(၁၇)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လူမျိုး/ ပြည်နယ် ကိုယ်စားပြု ကော်မတီများ ပါဝင်သော အဖွဲ့များက AFTA ကို ရေးဆွဲနေပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့အပြီး တစ်နှစ်နီးပါးအကြာတွင် ရာခိုင်နှုန်း(၈၀)ရေးဆွဲပြီးဖြစ်သည်ဟု NUCC က ကြေညာချက်ထွက်လာသည်။
နိုင်ငံရေးလမ်းပြမြေပုံအရ တစ်ဆင့်ချင်းအကောင်အထည်သွားဖော်ရန် စုစုပေါင်းအဆင့် ၁၂ ခုရှိပြီး စစ်အုပ်စုအာဏာသိမ်းကာလ(၅)နှစ်ကျော်အတွင်း လုပ်ငန်းစဥ်ထက်ဝက်ကျော် အကောင်အထည်ဖော်ပြီးထားကြောင်း တွေ့ရသည်။
AFTA ပြီးနောက်တွင် အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်းနှင့် ညီလာခံခေါ်ယူကာ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရန်ဖြစ်သည်။ ထို့နောက် ဥပဒေပြဌာန်းရန် အများပြည်သူ၏ သဘောဆန္ဒခံယူပွဲ ကျင်းပပြီးချိန်တွင် အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန်ဖြစ်ကြောင်း နိုင်ငံရေးလမ်းပြမြေပုံက ဖော်ပြသည်။
ဖွဲ့စည်းပုံဥပဒေကို ညီလာခံတွင်အတည်ပြု၍ရသည့်အဆင့်အထိရောက်ရန်မှာမူ တော်လှန်ရေး အတက်အကျပေါ်မူတည်နေသည်ဟုလည်း NUCC ၏ သတင်းဌာနတစ်ခုသို့ဖြေဆိုမှုအရ သိရသည်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ကြားကာလပြည်နယ် ကိုယ်စားပြုအဖွဲ့အစည်းများ ပါဝင်သည့် NUCC ကို စစ်အုပ်စုအာဏာသိမ်းပြီးနောက် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
တည်ထောင်ပြီး(၆)နှစ်နီးပါးကာလအတွင်း လူထုနှင့်ထိတွေ့ဆက်ဆံမှုအားနည်းခြင်း၊ လုပ်ငန်းစဥ်နှေး ကွေးမှုနှင့်တာဝန်ခံမှုအားနည်းခြင်း၊ ဆုံးဖြတ်ချက်ချစနစ်အားနည်းခြင်း စသည်တို့ကိုအခြေခံပြီး ဝေဖန်ထောက်ပြမှုအမျိုးမျိုးရှိခဲ့သည်။ ထို့နောက် အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်မှုများရှိခဲ့ပြီး မူလက အဖွဲ့ဝင်(၃၀)ကျော်ရှိရာမှ ၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ (၂၇)ဖွဲ့သာ NUCC တွင်ကျန်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ-KNPP ကဲ့သို့ အင်အား တောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့လည်း NUCC ထံ နုတ်ထွက်စ ာတင်ကြောင်းနှင့်ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် NUCC ၏ ဇန်နဝါရီ(၁၇)ရက်နေ့က ထုတ်ပြန်ချက်တွင်မူ ၎င်းတို့ကိုအဖွဲ့ဝင်အဖြစ် ထည့်သွင်းဖော်ပြထားသည်။



















