ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကွယ်လွန်သူ ကရင်လူငယ်ခေါင်းဆောင် စောထွန်းဝင်း (ခ) စောဖိုးဝါး၏ ရုပ်အလောင်းအား ဂူသွင်းမြှုပ်နှံခြင်း ဈာပနအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ရာ KNU ခေါင်းဆောင်းများအပါအဝင် အလွှာစုံ အသိမိတ်ဆွေ (၂၀၀) နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)၏ ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ Shoklo Malaria Research Unit-SMRU တွင် တွဲဖက်တာဝန်များထမ်းဆောင်ခဲ့သည့် စောဖိုးဝါးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ကရင်လူငယ်အစည်းရုံး-KYO တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က “ ကျနော်တို့ ရင်ထဲမှာတော့ ဖော်မပြ နိုင်တဲ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်နေပါတယ်။ ဆရာ စောဖိုးဝါးနဲ့ ကျနော်တို့က ကရင်လူမျိုး တွေကြား မက တခြား လူမျိုးတွေကြားမှာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ များစွာရှိခဲ့တယ်။ ဖော်မပြနိုင်တဲ့ သူ့ရဲ့ လူသားဆန်တဲ့ ကူညီပေးဆပ်မှုတွေ ရရှိခဲ့ကြတယ်။ ဒါဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ”ဟု ကေအိုင်စီသို့ ပြောသည်။
စောဖိုးဝါးသည် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် မယ်လဒုက္ခသည်စခန်း၊ Kawthoolei College-LMTC မှ Bachelor of Science (Physics) ဖြင့်ဘွဲ့ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် -KYO ၏ အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်လည်းကောင်း၊ ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အထိ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဝာာဝန် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
ယနေ့ ပြုလုပ်သည့် ဈာပနအခမ်းအနားတွင် ကျန်ရစ်သူမိသားစု အပါအဝင် ကေအဲန်ယူ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ KYO အဖွဲ့ဝင်များ၊ ထိုင်းအာဏာပိုင်များ၊ သူ၏ မိတ်ဆွေများနှင့် ဧည့်သည်များအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။

“ သူက အဖွဲ့အစည်းတွေဘက်မှာ တော်တော်လေး အလုပ်လုပ်နိုင်တယ်။ အမှတ်တရတွေက ကျမနဲ့တင်မကပဲ တခြားဆက်စပ် လူမှုအသိုင်းအဝိုင်း တော်တော်များများ ရှိမယ်။ လူငယ်တွေ ထိုးဖောက်ဖို့ ကရင်လူ ငယ်ကွန် ရက်မှာ တောက်လျှောက် သူပါပေးတယ်။ ဆေးဖက်ဆိုင်ရာဘက်မှာလည်း လုပ်တော့ သူ့အချိတ် အဆက်တွေ လည်း များတယ်။ လူငယ်ဘဝနဲ့ခုထိ သူလုပ်ခဲ့တဲ့ လုပ်ငန်းတွေကတော့ အမှတ်တရတွေ အများကြီးပါပဲ” ဟု ဈာပနသို့တက်ရောက်လာသူ ကရင်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် အစီအစဥ်အရ ကေအဲန်ယူ ခေါင်းဆောင်များက စောဖိုးဝါး၏ ဘဝအတ္ထုပတ္တိနှင့် အမျိုးသားရေး ဖြတ် သန်းမှုကို အကျဥ်းရုံးဖတ်ပြခြင်း၊ အမိန့်စာပြန်ခြင်း၊ သေနတ်ပစ်ဖောက်အလေးပြုခြင်း၊ မိသားစုဝင်နှင့် တက် ရောက်လာသည့်ပရိသတ်များက ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို နောက်ဆုံးနှုတ်ဆက်ခြင်းနှင့် ဂူသွင်းခြင်းအစီအစဥ်တို့ပြီးနောက် ဈာပနပွဲကိုရုပ်သိမ်းခဲ့သည်။
စောဖိုးဝါးကို ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့တွင် ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို ၂ ဦးရှိသည့်အနက် အကြီးဆုံး သားဖြစ်သည်။
သူသည် လူငယ်ဘဝကတည်းက ကွယ်လွန်ချိန်အထိ ကရင်အမျိုးသားရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် တက်တက်ကြွကြွပါဝင်လုပ်ဆောင်သူ ခေတ်ပညာတတ် ကရင်လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အသက် (၃၈)နှစ်အရွယ်ဖြင့် ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သားသမီး ၄ ဦးကျန်ရှိခဲ့သည်ဟု သိရသည်။



















