Home သတင်း မဲဆောက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိရေး တပ်လှန့်ရှာဖွေနေ

မဲဆောက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိရေး တပ်လှန့်ရှာဖွေနေ

499
Photo Credit to Original Uploader

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန်က ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးလွတ်မြောက်နေသူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က တပ်လှန့်ပြီး ရှာဖွေနေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် အမြန်လမ်းမ ကင်းလှည့်သည့် ရဲတပ်ဖွဲ့မှ Top Form အထည်ချုပ်စက်ရုံအနီး၌ ဆိုင်ကယ်စီးလာသူ မြန်မာ လူငယ်နှစ်ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် စစ်ဆေးနေစဉ် သေနတ်ကိုင်ဆောင်သူကရဲတပ်ဖွဲ့ ဝင်ကို ပစ်ခတ်ပြီး ထွက်ပြေးသွားသည့်အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာရရှိသွားကြောင်း မဲဆောက်အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“မသင်္ကာလို့ လှည့်ကင်းရဲက သွားပြီး စစ်တာမှာ ဆိုင်ကယ်နောက်က စီးလာတဲ့ကောင်က ရဲကို သေနတ်နဲ့ ပစ်ပြီးပြေးတာ မမိလိုက်ဘူး။ အခုတော့ တစ်မြို့လုံး ရဲတွေ စစ်တပ်တွေ တပ်လှန့်ပြီး ရှာနေ တယ်။ လမ်းတွေအကုန် ဂိတ်ချစစ်နေတယ်” ဟု ၎င်းအရင်းအမြစ်က ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်သူနှင့် အတူပါလာသူ လူငယ်နှစ်ဦးသည် ၎င်းတို့ လက်ဝယ်ရှိ သေနတ်ကို ရောင်းချရန် လာရောက်စဉ် ရဲတပ်ဖွဲ့ လှည့်ကင်းက တွေ့ရှိစစ်ဆေးရာမှ အစစ်ဆေးမခံသည့်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ် ထွက်ပြေးသူမှာ အနက်ရောင် ဟူဒီ (Hoodie) အနွေးထည်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ပြီး မယ်ကုရပ်ကွက် စိုက်ပျိုးရေးခြံများဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု မျက်မြင်များက ပြောသည်။ ထိုလွတ်မြောက်နေသူအား တွေ့ရှိပါက မဲဆောက်ရဲတပ်ဖွဲ့နှင့် ရပ်ရွာအာဏာပိုင်အဖွဲ့အစည်းများထံ သတင်းပို့ အကြောင်းကြားကြရန် သတိပေးချက် ထုတ်ထားကြောင်း သိရှိရသည်။

Photo Credit to Original Uploader