ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ မြို့နယ် အသီးသီးရှိ ပြည်သူလူ ထုများသည် အာဏာသိမ်းစစ်တပ်မှ ပြုလုပ်သည့် အတုအယောင် ရွေးကောက် ပွဲအား ဆန့်ကျင်ရေး အစီအစဉ်ကို တစ်ခရိုင်လုံး အတိုင်းအတာဖြင့် ဇန်နဝါရီလ ၉ ရက်၊ နံနက် ၉ နာရီအချိန် တိတိတွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
“သမိုင်းတရားခံ မဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပြုလုပ် သည့် အဆိုပါ အစီအစဉ်တွင် မြို့နယ်အသီးသီးရှိ လူထုခေါင်းဆောင်များမှ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဟောပြောခြင်းများ၊ လက်ကမ်းစာစောင် ဝေငှခြင်းများ၊ ပိုစတာနှင့်တကွ စီတန်းလှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ပြည်သူကို ညှဉ်းဆဲ သတ်ဖြတ်သည့် အစိုးရ အလိုမရှိ၊ စစ်အာဏာရှင် အတုအယောင်ရွေး ကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ အလိုမရှိ၊ လူမျိုးပေါင်းစုံ စည်းလုံး ညီညွတ်မှု တည်ဆောက်ရေးနှင့် ကော်သူးလေ အစိုးရ တည်ဆောက်ရေး စသည့် ကြွေးကြော် ချက်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုနေ့ ဆန္ဒထုတ်ဖော်မှုကို ကော့ကရိတ်တွင် နေရာ (၄) နေရာ ပြုလုပ်ပြီး ပြည်သူလူထု (၂,၆၅၀) ဦးခန့်၊ ကျုံဒိုးတွင် ပြည်သူလူထု (၄၀၀) ဦး ဝန်းကျင်၊ ဝင်းရေးမြို့နယ်အတွင်း နေရာ (၂) နေရာမှ ပြည်သူ (၂,၀၀၀) ဦး ဝန်းကျင်ခန့် ပါဝင်ခဲ့သည်။ ထို့အတူ နို့တကောမြို့နယ်အတွင်း နေရာ (၄) နေရာမှ ပြည်သူလူထု (၂,၀၀၀) ဦး ဝန်းကျင် စုစုပေါင်း ပြည်သူလူထု (၇,၀၀၀) ဦး ဝန်းကျင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်တပ်မှ ယခု ပြုလုပ်သော ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ ပြည်သူ့ဆန္ဒအား ကိုယ်စားမပြုသည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲစနစ်တစ်ရပ် မဟုတ်သကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြုခြင်း မရှိသော ရွေးကောက်ပွဲဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။



















