Home သတင်း မဲဆောက်ဈေးတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

မဲဆောက်ဈေးတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

415

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု ဈေးရောင်းချနေကြသည့် “အပေါ်ဈေး” ဟု လူသိများသော ဈေးကြီးအတွင်း ယခုရက်ပိုင်းများတွင် ထိုင်းအာဏာပိုင်များက ဆက်တိုက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံခြားသားအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်အကိုင်များကို စစ်ဆေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရုံးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ စစ်ဆေးမှုများ စတင်လာခြင်းဖြစ်သည်။

မဲဆောက်စျေးအတွင်း ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် အလုပ်သမားရေးရာဌာနတို့ ပူးပေါင်းကာ ပထမအကြိမ် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင်လည်း ထပ်မံဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာစျေးသည်များထံမှ သိရသည်။

အဆိုပါ ဝင်ရောက်စစ်ဆေးလုပ်ဆောင်ခြင်းများကြောင့် မဲဆောက်စျေးအတွင်းရှိ မြန်မာစျေးသည်အချို့သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဆိုင်ပိတ်ထားရသည့် အခြေအနေအထိ ဖြစ်ပေါ်နေကြောင်း အမည်မဖော်လိုသည့် မြန်မာစျေးသည်အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အစ်မတို့လည်း ခဏနေ ဆိုင်ပိတ်ထားလိုက်တော့မယ်။ တစ်ရက်ရောင်းရတာ ဘယ်လောက်မှ မရှိဘူး။ သူတို့ဖမ်းပြီဆိုရင် ဘတ်သောင်းနဲ့ချီ ဒဏ်ရိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားအချို့နှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့အကြား ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသည့် အလုပ်အကိုင်များကို နိုင်ငံခြားသားများ ဝင်ရောက် လုပ်ကိုင်နေမှုများအား တင်းကြပ်စွာ စစ်ဆေးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် မစ္စတာ ဆွန်ချိုင်း မိုရာကို့ဆရီဝမ်က နိုင်ငံခြား အလုပ်သမားများအနေဖြင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်နေခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးဆောင်ရွက်သွားရန် အမိန့်ထုတ်ပြန် ညွှန်ကြားခဲ့ခြင်းကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုကာလအတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသူများ သို့မဟုတ် ကန့်သတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေသူများကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်နိုင်သည်။ ၎င်းအပြင် နေရပ်ပြန်ပို့ခြင်းနှင့် ၂ နှစ်အထိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများကို လုပ်ငန်းနှင့် မကိုက်ညီသည့် အလုပ်များတွင် ခန့်အပ်ထားပါက ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်ဟု ထိုင်းအလုပ် သမားရေးဝန်ကြီးဌာနက သတိပေးထားသည်။ ထပ်မံကျူးလွန်ပါက ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ တိုးမြှင့်ချမှတ်နိုင်သလို အလုပ်သမားငှားရမ်းခွင့်ကို ၃ နှစ်အထိ ပိတ်ပင်ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မဲဆောက်မြို့သာမက ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ ဈေးနေရာများနှင့် လုပ်ငန်းခွင် နေရာအများစုတွင် ဝင်ရောက်စစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။