Home သတင်း ကြာအင်းဆိပ်ကြီး၊ သံပုရာရွာအနီးရှိ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ခံရမှု အရာရှိတစ်ဦးအပါအဝင် ၆ ဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ သံပုရာရွာအနီးရှိ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ခံရမှု အရာရှိတစ်ဦးအပါအဝင် ၆ ဦး သေဆုံး

392
Photo: Social Media

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ အတွက် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာများတွင် မဲရုံပြုလုပ်နိုင်ရန် လုံခြုံရေးလာယူမည့် စစ်အုပ်စု စစ်ကြောင်းအား သံပုရာ ကျေးရွာ လမ်းပိုင်းက သင်္ဃန်းချောင်းအနီး၌ KNLA မဟာမိတ်ပူးပေါင်းတပ်များက ဖြတ်တောက် တိုက်ခိုက်မှုကြောင့် အရာရှိတစ်ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးကြောင်း သိရသည်။

စစ်အုပ်စုက ကျိုက်မရော-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကျေးရွာများတွင် ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပရန် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု စစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် KNLA မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KNLA မဟာမိတ်ပူးပေါင်း စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

“ရွာတွေ အထိုင်ချပြီး မဲရုံစောင့်ဖို့ လာတာပါ။ ဒါလီချောင်းတံတား လမ်းပိုင်းက သံပုရာရွာ လမ်းပိုင်းကြားမှာရှိတဲ့ သင်္ဃန်းချောင်း နေရာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိတစ်ယောက် ကျဆုံးခဲ့တယ်။ စစ်သား ၅ ယောက်သေတယ်။ အားလုံးပေါင်း ၆ ယောက်ပါ။ စကမ တပ်တွေက ကျိုက်မရောဘက် ပြန်ဆုတ်သွားခဲ့တယ်” ဟု မဟာမိတ်ပူးပေါင်း စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်အုပ်စု စစ်ကြောင်းများက ခလယ်-တံခွန်တိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို ပိတ်ဆို့ အထိုင်ချပြီး သံပုရာရွာ၊ ချောင်းနှစ်ခွရွာနှင့် ဖာသိမ်-ကျိုက်မရော လမ်းပိုင်းကို အင်အားရာချီဖြင့် ဝင်ရောက်လာနေကြောင်း အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသားက “BGF ဖာသိမ်က စောဌေးနိုင် အဖွဲ့တွေက စစ်တပ်နဲ့အတူ ရွာတွေမှာ မဲရုံလုပ်ဖို့ လုံခြုံရေးယူဖို့ ဂိတ်တွေ အများကြီး ချထားတယ်။ ကျနော်တို့ ကြာအင်းဆိပ်ကြီးမှာတော့ မြို့ပေါ် ရပ်ကွက် ၆ ခုမှာ မဲထည့်ရမယ်။ တစ်ရက်ကြိုတင်မဲ ကောက်မယ်လို့လည်း ကြားတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် နယ်မြေများကို KNLA မဟာ မိတ်တပ်များမှ လာရောက်တိုက်ခိုက်မှု မခံရစေရန်အတွက် ကျိုက်မရော၊ ကော့ဘိန်း၊ မုဒုံ/တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ် နယ်မြေချင်းဆက် လမ်းများကို ထိန်းချုပ်နိုင်ရန် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တော်လှန်ရေး စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များထံမှ သိရသည်။

လာမည့် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အုပ်စုက ကြာအင်းဆိပ်ကြီး မြို့ပေါ်ရှိ ရပ်ကွက် ၆ ခု၌ မဲရုံများ ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်သဖြင့် မဲရုံစောင့်ရှောက်ရေးနှင့် ကြိုတင်မဲ ကောက်ယူရေး တာဝန်များ ထမ်းဆောင်ရမည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် မဲရုံတာဝန်ခံ ဝန်ထမ်းများအနေဖြင့် တာဝန် ထမ်းဆောင်ရမည်ဟု ပညာရေးဝန်ထမ်း မိသားစုဝင်များက ပြောသည်။ ထို့ကြောင့် တာဝန်ထမ်းဆောင်မည့်ရက် မတိုင်မီ တစ်ရက်ကြိုတင်၍ ကြာအင်းဆိပ်ကြီးမြို့ အုပ်ချုပ်ရေးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သတင်းပို့ရမည်ဟု စစ်အုပ် စုက အမိန့်ထုတ်ပြန်ထားကြောင်း ဆိုသည်။