ဇန်နဝါရီ (၂၁) ရက်၊၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နှင့်အနီးတဝိုက်တွင် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)အထိ စစ်အုပ်စုနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ နေ့စဥ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားနေကြောင်း ကော့ကရိတ်ဒေသခံများကပြောသည်။
တိုက်ပွဲများအတွင်း ကော့ကရိတ်မြို့အခြေစိုက်ထားသည့်စစ်အုပ်စုဘက်က ကော့ကရိတ်မြောက်ပိုင်းနှင့်တောင်ပိုင်းကျေးရွာများကို လက်နက်ကြီးနှင့်ဒရုန်းများ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရှောင်နေရသည့်ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်သံနေ့တိုင်းလိုလိုကြားနေရတယ်။ စစ်တက်ဘက်ကလည်း ကော့ကရိတ်မြို့ မြောက်ပိုင်းရော၊ တောင်ပိုင်းရော လက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်တယ်”ဟု အဆိုပါမြို့ခံကပြောသည်။
နှစ်ဖက်ဖြစ်ပွားသည့်ထိတွေ့တိုက်ပွဲများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများသလို တော်လှန်ရေးပူးပေါင်းတပ်ဘက်သို့ ဘက်ပြောင်းခိုလှုံလာသူများလည်း ရှိနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့်သတင်းအရင်းအမြစ်မှသိရသည်။
အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်က “နှစ်ဖက်တပ်ကမျက်နှာချင်းဆိုင်အသင့်ရှိနေတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တာမျိုးပါ။ ဒီနေ့လည်း ရန်သူဘက်ကတစ်ယောက်လက်နက်အပြည့်အစုံနဲ့ လက်နက်ချအလင်းဝင်လာတယ်”ဟု ကေအိုင်စီကို ပြောသည်။
ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကိုပြန်လည်စိုးမိုးရန် ၂၀၂၄ ခုနှစ်ကစတင်ကာ စစ်အုပ်စုကအောင်ဇေယျစစ်ဆင်ရေးဖြင့် အင်အားအများအပြားသုံးကြိုးပမ်းလာချိန်မှစ၍ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများတကျော့ပြန်ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ကော့ကရိတ်မြို့ကိုသာ စစ်အုပ်စုထိန်းချုပ်ထားနိုင်သည်။
အာရှလမ်းမကြီးတစ်လျှောက်ကျေးရွာများနှင့် ကော့ကရိတ်မြို့အနီးတဝိုက်ကျေးရွာများတွင်မူ အပြည့်အဝမထိန်းချုပ်နိုင်သေးသောကြောင့် လာမည့်ဇန်နဝါရီ(၂၅)ရက်နေ့ပြုလုပ်မည့် ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် စစ်ကြောင်းထိုးအင်အားဖြန့်ကျက်ခြင်းတို့လုပ်ဆောင်နေသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။



















