Home သတင်း စစ်အုပ်စုတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ဟု BWU ပြော

စစ်အုပ်စုတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ဟု BWU ပြော

458
Photo: BWU

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union)က ယမန်နေ့ (ဇန်နဝါရီလ ၁၅ရက်) တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် မြန်မာနိုင်ငံအနှံ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုများ၊ မီးရှို့သတ်ဖြတ်မှုများ၊ အကျဥ်းထောင်အတွင်း ဆေးကုသခွင့်မရရှိမှုများနှင့် မြေမြှုပ်မိုင်းတို့ကြောင့် အမျိုးသမီးများ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု BWU က ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များကြောင့် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာဘာလ (၃၁) ရက်နေ့အထိ မြန်မာနိုင်ငံ အနှံ့ အမျိုးသမီး (၇၉၂) ဦး သေဆုံးပြီး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၈၁၅) ဦး အထိရှိခဲ့ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ၏ ပြုစုထားသော စာရင်းများအရ သိရသည်။

ထုတ်ပြန်ချက်အရ သေဆုံးခဲ့သည့် အမျိုးသမီး (၇၉၂) ဦး တို့မှာ စစ်အုပ်စု တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၆၂၁) ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် (၁၀၂) ဦး၊ မြေမြှုပ်မိုင်း ကြောင့် (၁၃) ဦး ပါဝင်သည်။ ထို့အပြင် ဖမ်းဆီးသတ်ဖြတ်ခံရသူ (၃၉) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၆) ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် (၅) ဦး၊ ထောင်တွင်း ဆေးဝါးကုသခွင့်မရရှိမှုကြောင့် (၃)ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၃) ဦးတို့ဖြစ်ကြသည်။

၎င်းတို့ထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် (၁၅၀) ကျော်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၅) ဦး ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

“ အကြမ်းဖက် စစ်အုပ်စုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း နေ့စဉ်နှင့် အမျှ အသက်ဆုံးရှုံးနေရသည်”ဟု BWU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၈၁၅) ဦး တွင်လည်း လေကြောင်း တိုက်ခိုက်မှုကြောင့် (၅၇၆) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၆၄) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄၁) ဦး နှင့် မတရား သတ်ဖြတ်ခံရမှုကြောင့် (၁) ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် (၂၆) ဦး၊ ညှင်းပန်း နှိပ်စက်ခံရမှုကြောင့် (၅) ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၂) ဦး ပါဝင်နေသည်ဟု BWU က ပြောသည်။

သေဆုံးခဲ့သည့်အမျိုးသမီးများတွင် စစ်အုပ်စု၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံ ရမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုသည် အမြင့်ဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုထဲတွင် အမျိုးသမီး ၂၁၇ ဦးအထိ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၁၉ ဦး သေဆုံးကာ ဒုတိယအများဆုံး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BWU အနေဖြင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်းဌာ နများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်း ဖြစ်ပြီး မြေပြင်ပကတိအခြေအနေမှာ ယခုထက်ပိုများနိုင်သည်ဟု ပြောသည်။

ယခုလို စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန်အတွက် အားကောင်းပြီး တိကျသေချာသော အကူအညီနှင့် လက်တွေ့လုပ်ဆောင်ချက်များကို မြန်မာပြည်သူများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို BWUက တိုက်တွန်းတောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမျိုးသမီး (၆၂၂၂) ဦးအထိ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။