Home သတင်း ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတိုက်ပွဲ စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတိုက်ပွဲ စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေ

451
Photo: ကျားဖြူစစ်ကြောင်း

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လေကြောင်းပစ်ကူဖြင့် ဖျက်အားပြင်း ဗုံးသီးများ ကြဲချတိုက်ခိုက်နေကြောင်း တော်လှန်ရေး မြေပြင်သတင်းအရင်းအမြစ်ဘက်က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်က ယခု ဇန်နဝါရီ ၁၃ ရက်ကတည်းက တစ်ကျော့ပြန် ထိုးစစ်ကို ပြန်လည်စတင်တိုက်ခိုက်လာ၍ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

တိုက်ပွဲအတွင်း စစ်အုပ်စု မြေပြင်စစ်ကြောင်း အကျအဆုံးများနေသည့်အတွက် ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၈ နာရီကျော်အချိန်မှစပြီး လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက် လာနေခြင်း ဖြစ်ကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ စစ်ရေးနယ်မြေ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

“အခုရက်ပိုင်း ထီးဖိုးစံ၊ နောင်ကိုင်း၊ မိဖာလဲ ရွာဘက်ကို ပြန်ဖောက်ထွက်ပြီး အောက်ဘိုတဲ အရောက် ဆိုပြီး ပြန်တိုက်လာတော့ အခုနောင်ကိုင်း ကြက်မောက်ခြံဘက်မှာ ပစ်နေကြတယ် ၃ ရက်ရှိပြီ။ တက်မနိုင်တော့ ဒီမနက် ၇ နာရီလောက်ကနေ ၁၀ နာရီခွဲလောက်အထိ ပတ်ပြီး ကြဲချသွားတယ်” ဟု ယမန်နေ့က ပြောသည်။

လက်ရှိ နောင်ကိုင်းရွာဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှု စစ်ရေးအခြေအနေများကို မသိရှိရသေးကြောင်းလည်း KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

Photo: ကျားဖြူစစ်ကြောင်း

အဆိုပါ တိုက်ပွဲဖြစ်နေရာဘက်သို့ ကော့ကရိတ်မြို့ဘက်မှလည်း စစ်အုပ်စုတပ် ခြေလျင်တပ်ရင်း-ခလရ ၉၇ နှင့် ရန်ကုတ်ကျေးရွာ၊ တံတားဦးကျေးရွာများဘက်မှ မြေပြင်လက်နက်ကြီး ဟောင်ဝှစ်ဇာ၊ ၁၂၀ မမ မော်တာ စိန်ပြောင်းများဖြင့် ပစ်ကူပေးနေကြောင်း ကော့ကရိတ်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “မြို့ထဲကနေ ပစ်ထုတ်နေတာ တဒုန်းဒုန်းနဲ့ လေယာဉ် ဗုံးချသံလည်း ကြားရတယ်၊ တောင် ဘက်က ကမိုင်ကုန်းတို့ မောင်းမရွာသစ်ဘက်ကို အလုံးကြီး ဟောင်ဝှစ်ဇာတွေ ပစ်လိုက် အောက်ဘိုတဲဘက်ကို ၁၂၀ တွေ ပစ်လိုက် လုပ်နေတာ၊ အရင်ရက်တွေက ဂျက်ဖိုက်တာ လေယာဉ် လည်း နိမ့်နိမ့်လေး ဖြတ်ပျံကင်းထောက်တာလည်း လုပ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တွင်လည်း ကျုံဒိုးမြို့ ကျုံဘိုင်း၊ ကော့ဝါးဘိုးရွာဘက်ကို ခြေမြန်တပ်ရင်း-ခမရ ၅၄၅ တပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ထို့အတူ ကော့ကရိတ်မြို့ တောင်ဘက် ကမိုင်ကုန်း ကျေးရွာဘက်သို့ ကော့ကရိတ် စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်မှုကို နေ့စဉ်လိုလို လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ထိုသို့ စစ်ရေးတင်းမာနေသည့် အခြေအနေတွင် စစ်အုပ်စုက မြို့ပြင် ကျေးရွာအုပ်စု ၆၃ စုမှ ၎င်းတို့ ထိန်းချုပ်နိုင်သည့် ကျေးရွာများတွင် ကျေးရွာသားများ နေထိုင်မှုမရှိသဖြင့် နေရပ်ပြန်လာပြီး ကြိုတင်မဲ (သို့မဟုတ်) မဲရုံပြုလုပ်မည့် နေရာ၌ မဲလာထည့်ရန် ဖိအားပေးမှုများ ရှိနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။