Home သတင်း မြန်မာနှင့် ထိုင်းအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကို ဗီဇာလုပ်ငန်းစဉ် ဆိုင်းငံ့ရန် အမေရိကန်အစိုးရ ပြင်ဆင်

မြန်မာနှင့် ထိုင်းအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကို ဗီဇာလုပ်ငန်းစဉ် ဆိုင်းငံ့ရန် အမေရိကန်အစိုးရ ပြင်ဆင်

387
Photo: Reuters

ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက လာရောက်လှည့်ပတ်သူများအတွက် ဗီဇာဝန်ဆောင်မှု လုပ်ငန်းစဉ်များကို လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှစပြီး ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရက ယာယီဆိုင်းငံ့ရန် ပြင်ဆင်နေကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ အတွင်းရေးမှတ်တမ်းကို ကိုးကားပြီး အမေရိကန် Fox News သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဆိုင်းငံ့ခံရနိုင်သည့် နိုင်ငံများထဲတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အပြင် ဆိုမာလီယာ၊ ရုရှား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ နိုင်ဂျီးရီးယား စသည့် အရှေ့တောင်အာရှ၊ လက်တင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအများအပြား ပါဝင်သည်။

Fox News သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဌာန၏ မှတ်တမ်းစာထဲတွင် လက်ရှိတည်ဆဲ ဥပဒေအောက်တွင် ဗီဇာလျှောက်လွှာများကို ငြင်းပယ်ရန် အမေရိကန်သံရုံးများကို ညွှန်ကြားထားသည်ဟု ဆိုထားသည်။

ဗီဇာလျှောက်လွှာ ငြင်းပယ်မှုကို ဝန်ကြီးဌာနကနေ ဗီဇာလုပ်ငန်းစဉ်များ၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ်နေစဉ် ကာလအတွင်း ဆောင်ရွက်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် အဆိုပါ မှတ်တမ်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်များက ချက်ချင်း တုံ့ပြန်မှု မရှိခဲ့သလို ဗီဇာဝန်ဆောင်မှု ဆိုင်းငံ့ကာလ၏ အချိန်အကန့်အသတ်ကိုလည်း မဖော်ပြထားကြောင်း Fox News သတင်းဌာနက ဖော်ပြထားသည်။

ယခုလို ပိတ်ပင်ရသည့် အကြောင်းရင်းများထဲတွင် လုံခြုံရေးနှင့် အစိုးရ ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု ပြဿနာများ ပါဝင်ပြီး နိုဝင်ဘာလတွင် အိမ်ဖြူတော်အနီး၌ အာဖဂန်နိုင်ငံသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်အပြီး သမ္မတ ထရမ့်က တတိယနိုင်ငံများကနေ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်မှု အားလုံးကို ထာဝရ ရပ်ဆိုင်းသွားမည်ဟု ကတိပြုပြောဆိုခဲ့ဖူးသည်။

၎င်းအပြင် မီနီဆိုးတား (Minnesota) ပြည်နယ်အတွင်း အခွန်ငွေနှင့် ပေးသည့် အစိုးရ ထောက်ပံ့ကြေးများကို ဆိုမာလီ နိုင်ငံသားများက မသမာသည့် နည်းလမ်းဖြင့် ရယူခဲ့သည့် ဖြစ်စဉ်များကြောင့် ယခုလို တင်းကြပ်လာခြင်းလည်း ဖြစ်သည်ဟု ဆိုထားသည်။

နိုဝင်ဘာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများကို ပေးပို့ခဲ့သည့် ကြေးနန်းစာများတွင် ကောင်စစ်ဝန်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအောက်ရှိ “public charge” ဟု ခေါ်ဆိုသည့် စည်းမျဉ်းအရ အလွန်တင်းကြပ် ကျယ်ပြန့်သည့် စစ်ဆေးမှုကို လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

အဆိုပါ စည်းမျဉ်းအရ လျှောက်ထားသူ၏ ကျန်းမာရေး၊ အသက်အရွယ်၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့် ငွေကြေး အခြေအနေများကို သုံးသပ်ပြီး အမေရိကန်အစိုးရ၏ ထောက်ပံ့မှုကို မှီခိုလာနိုင်ခြေရှိသူများ၏ ဗီဇာများကို ပယ်ချရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် တကျော့ပြန် သမ္မတဖြစ်လာပြီးကတည်းက တရားမဝင် ဝင်ရောက်မှုများကို တားဆီးရန် ကြိုးပမ်းနေသလို ယခုအခါ တရားဝင် လမ်းကြောင်းမှ ဝင်ရောက်လာမည့်သူများကိုပါ ကန့်သတ်လာခြင်း ဖြစ်သည်။